ရန်ကုန်၊ မတ် ၅
ရန်ကုန်တွင်ယနေ့ မတ်လ ၅ ရက်တစ်ရက်တည်း၌ မြေငလျင် လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့နံနက် ၄ နာရီ ၃၆ မိနစ် ၄၇ စက္ကန့်အချိန်တွင် ညောင်တုန်းမြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့် ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ပြီး၊ ၄ နာရီ ၅၄ မိ နစ် ၉ စက္ကန့်တွင် အင်အားရစ်(ခ်)တာစကေး ၄.၈ ရှိငလျင်တစ်ကြိမ်၊ ၅ နာရီ ၂၀ မိနစ် ၄၈ စက္ကန့်တွင် အင်အားရစ် (ခ်)တာစကေး ၃.၅ တစ်ကြိမ်၊ ၅ နာရီ ၂၃ မိနစ် ၅၅ စက္ကန့်တွင် အင်အားရစ်(ခ်)တာစကေး ၃.၁ တစ်ကြိမ်တို့ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
“ အိမ်ကို ရမ်းခါသွားတာပဲ။ နည်းနည်းလေးကြမ်းတယ်။ ကိုယ်တွေက ၅ လွှာမှာနေတာဆိုတော့ ဆင်းပြေးရတယ်။ ကြောက်လို့။ ဒီရက်ပိုင်း ငလျင်တော်တော်လှုပ်တယ်။” ဟု တောင်ဥက္ကလာပမြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် မတ်လ ၃ ရက်နေ့ကလည်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်းအားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ငလျင်မလှုပ်မီ၊ လှုပ်ခတ်စဉ်နှင့် ငလျင်လှုပ်ပြီးအချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ဓာတ်ပုံ – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
တစ်ရက်တည်း မြေငလျင် လေးကြိမ်လှုပ်ခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်