တစ်ပတ်အတွင်း ရွှေစျေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် စျေးပြန် တက်လာ

ရန်ကုန်၊ ဩဂုတ် ၂၅

ပြည်တွင်းရွှေစျေးကွက်၌ တစ်ပတ်အတွင်း ရွှေစျေးအနည်းငယ်ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်း၌ စျေးပြန်တက်လာကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

ဩဂုတ် ၁၈ ရက်မှ ယနေ့အထိ တစ်ပတ်တာကာလအတွင်း ရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် အမြင့်ဆုံးစျေးနှုန်းဖြစ်သည့် ၃၉ သိန်းကျော်အထိ ရောက်ရှိခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အနည်းငယ်ပြန်လည်ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် စျေးပြန်တက်နေကြောင်း ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က ၃၉ သိန်းကျော်ကနေ ဒီတစ်ပတ် တနင်္လာနေ့ စျေးကွက်ဖွင့်တော့ ၃၇ သိန်း ၇ သောင်းအထိ စျေးပြန်ကျသွားတယ်။ ၂ ရက်ပဲ အဲ့ဒီစျေးလောက်အထိကျ သွားပြီး အခုပြန်တက်လာတယ်။ ဒီနေ့လည်စျေးက ၃၈ သိန်းကျပ်ပါ” ဟု ၎င်းကပြောသည်။

ယခုတစ်ပတ်အတွင်း ရွှေစျေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျများစွာဖြစ်ပေါ်ခဲ့၍ ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေ၊ ရွှေအတုံးအခဲများနှင့် မီးလင်းရွှေ တို့ကို ရောင်းချမှုရပ်နားထားကြောင်း သိရသည်။

“ ဒီရက်ပိုင်း အဓိကအရောင်းအဝယ်လုပ်နေကြတာက ၁၅ ပဲရည်ရွှေနဲ့ အထည်လုပ်ထားတဲ့ အခေါက်ရွှေတွေကိုပဲ အရောင်းအဝယ်လုပ်နေကြတာ။ စျေးမငြိမ်တော့ အရောင်းအဝယ် လည်း တော်တော်အေးတယ်“ ဟု ရန်ကုန်မြို့ မှ ရွှေကုန်သည်တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်ဝန်းကျင်ရှိနေရာမှ ပြီးခဲ့သည့်လက ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသည့်သတင်းကြောင့် နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်တွင် မတည်မငြိမ်မှုများဖြစ်ခဲ့ပြီး ရွှေစျေးမှာ တရိပ်ရိပ်မြင့်တက်လာကြောင်း သိရသည်။

ယခုလအတွင်း ရွှေစျေးကွက်၌ အမြင့်ဆုံးစျေးနှုန်းအဖြစ် ဩဂုတ် ၁၉ ရက် ညနေပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း ၇ သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့ကာ ရက်ပိုင်း အတွင်း ကျပ် ၂ သိန်းခန့် စျေးပြန်လည်ကျဆင်းလာပြီး ယခုရက်၌ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေစျေးမှာလည်း ပြီးခဲ့သည့်ရက်က ရွှေတစ်အောင်စလျှင် ၁၈၀၀ ဒေါ်လာအောက်အထိ ကျဆင်းခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် စျေးအနည်းငယ် ပြန်တက်လာကာ ယနေ့ နေ့ လည်၌ ရွှေတစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာသို့ ရောက်ရှိလာကြောင်း သိရသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေလဲနှုန်းဖြစ်သည့် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ နေ့လည်ရည်ညွှန်းစျေး တွင် နှစ်ဆယ့်နှစ်သိန်း ငါးသောင်းလေးထောင်နှင့် ကိုးရာကျပ်ဖြစ်ကြောင်း သိရသည်။

ရွှေစျေးကဲ့သို့ ဒေါ်လာငွေလဲလှယ်နှုန်းမှာလည်း တစ်ပတ်အတွင်း အတက်အကျများဖြင့် တည်ငြိမ်မှုမရှိခဲ့ကြောင်း ရန်ကုန်မြို့၌ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြော သည်။

ပြီးခဲ့သည့် အပတ်က ပြင်ပငွေလဲလှယ်ရေးစျေးကွက်၌ တစ်ဒေါ်လာလျှင် ၃၉၀၀ ကျပ်အထိ ရောက်ရှိခဲ့ပြီး စျေးပြန်လည်ကျဆင်းခဲ့ကာ ယခုရက်ပိုင်း၌ ၃၈၀၀ ကျပ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာပြီး အများစုမှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေါ်လာနှင့် ရွှေစျေးနှုန်းများ တည်ငြိမ်မှုမရှိသောကြောင့် ယခုရက်ပိုင်းတွင် စျေးကွက်အတွင်းရှိ စားသောက်ကုန်စည်များအပါအဝင် အခြားကုန်စည်များအားလုံး စျေးမြင့်တက် လျက်ရှိနေကြောင်း ဒေသအသီးသီးတွင်နေထိုင်သူများက ပြောသည်။

မောင်ဇော်

#ယနေ့ခေတ်

တစ်ပတ်အတွင်း ရွှေစျေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် စျေးပြန် တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.