တင်ပို့မည့်ပမာဏအတိုင်း လက်ဝယ်တွင် ၁၀၀ ရာခိုင်နှုန်းဆန်ရှိမှသာ ပြည်ပတင်ပို့ခွင့် လိုင်စင် ထုတ်ပေးမည်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်လျှောက်ထားရာတွင် တင်ပို့မည့်ပမာဏအတိုင်း လက်ဝယ်၌ ၁၀၀ ရာခိုင်နှုန်းဆန်ရှိမှသာ လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန် စည်ဒိုင်မှ သိရသည်။

ယခင်က ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးရာတွင် လက်ဝယ်တွင် ၅၀ ရာခိုင်နှုန်းရှိပါက လိုင်စင်ထုတ်ပေးကြောင်း သိရသည်။

“ တန်ချိန်ကန့်သတ်ထားတာမရှိဘူး။ ၁၀၀ ရာခိုင်နှုန်းဆန်ရှိတယ်ဆိုရင် တင်ပို့ခွင့်လိုင်စင်လျှောက်၊ စိစစ်တဲ့အဖွဲ့ကလည်း သေချာစိစစ်ပြီး ခွင့်ပြုပေးမှာပေါ့။ အခုကတော့ ဈေးကွက် က အေးတယ်။ ဆန်သစ်ပေါ်ကာစဆိုတော့ အေးတယ်။” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပဆန်တင်ပို့မှု ခေတ္တရပ်နားထားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးပြောဆိုထားပြီးနောက်ပိုင်း ယင်းကဲ့သို့ ပြောင်း လဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတန်ချိန် (၂ ဒသမ ၅) သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်တန် ချိန် သုံးသိန်းရှစ်သောင်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စုစု

ဓာတ်ပုံ-အင်တာနက်

#ယနေ့ခေတ်

တင်ပို့မည့်ပမာဏအတိုင်း လက်ဝယ်တွင် ၁၀၀ ရာခိုင်နှုန်းဆန်ရှိမှသာ ပြည်ပတင်ပို့ခွင့် လိုင်စင် ထုတ်ပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.