တကျော့ပြန်တိုက်ပွဲအတွင်း ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်ထိမှန် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံအချိူ့ လက်နက်ကြီးကျည်ထိမှန်ကာ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက၊ ကျောက်မဲမြို့တွင် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပေါ်ခဲ့ပြီး၊ ကျေးရွာအတွင်းရှိ ဒေသခံအချို့ လက်နက်ကြီးကျည်ထိမှန်ကား နှစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“တိုက်ပွဲက ဒီမနက်စဖြစ်တာ။ ကျောက်မဲမိန်းလမ်းမပေါ်က ပန်ပေါင်းကျေးရွာက အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦး ကျည်စထိမှန်တယ်။ တိလင်ရပ်ကွက်မှာနေတဲ့ အမျိုးသမီးတစ်ဦးက ခေါင်းကိုကျည်ထိမှန်လို့ ဆုံးသွားတယ်။ အခွန်စျေးနားမှာနေတဲ့ အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်လို့ ဆုံးတယ်။ နောက်တစ်ဦးက ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေးဆုံးသူများနှင့် ဒဏ်ရာရရှိသူတို့ကို ဒေသခံလူမူကူညီရေးအသင်းက ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က ၊ ရှမ်းပြည်(မြောက်ပိုင်း)တွင် နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပေါ်မှုကြောင့် ဒေသခံပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

“လောလောဆယ်တော့ ရှောင်လို့မရသေးဘူး။ ကျောက်မဲမြို့တစ်မြို့လုံးနီးနီးပဲ ပိတ်မိနေတာ။ လူဦးရေအရဆိုရင် မပြောတက်ဘူး။ အခုက တစ်မြို့လုံးဆိုတော့။ မနက်က စဖြစ်ကထဲက ပိတ်သွားတာဆိုတော့ ဘယ်မှသွားလို့မရဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နစကတပ်အကြားတွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွာနေစဉ် တရုတ်အစိုးရ၏အကူအညီဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင် ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ဂေဟာ၌ပြုလုပ်သည့် နှစ်ဖက်ဆွေးနွေးပွဲတွင် ယာယီအပစ်ရပ်စဲရန် သဘောတူညီမှုရရှိ ခဲ့ပြီး ရှမ်း(မြောက်)တွင် တိုက်ပွဲများရပ်တန့်ခဲ့သည်။

သို့သော် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများပိတ်မိကာ သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများရှိလာပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-CJ

ယနေ့ခေတ်

တကျော့ပြန်တိုက်ပွဲအတွင်း ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်ထိမှန် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.