ရန်ကုန်၊ မတ် ၂၉
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လုံခြုံရေးအရ ဖြေဆိုခွင့်မရသည့် ကျောင်းသားများအနေဖြင့် မိမိကြိုက်နှစ်သက်ရာစာစစ်ဌာနတွင် ပြန်လည်ဝင်ရောက်ဖြေဆိုနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် လုံခြုံရေးအရ ဖြေဆိုခွင့်မရသည့် ကျောင်းသားများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
“ ခုချိန်ထိတော့ ပြန်ပြီးစာရင်းတင်ပြလာတာမရှိသေးဘူး။ မဖြေဆိုလိုက်ရတဲ့ ကျောင်းသားတွေကို အခွင့်အရေးပေးတဲ့သဘောပေါ့။ ဘယ်နေ့ပြန်ဖြေမလဲဆိုတာတော့ မသိရသေးဘူး။ ခုချိန်ထိတော့ ကျောင်းသားစာရင်းတင်ပြလာတာ မရှိသေးဘူး။” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှ စတင်ဖြေဆိုခဲ့ရာ မတ်လ ၁၉ ရက်တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲများဖြေဆိုခဲ့ပြီး၊ စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိသည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၁ သိန်း ၈ သောင်းနီးပါး စာရင်းပေးသွင်းခဲ့ပြီး၊ ၁ သိန်း ၆ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင်ဖြေဆိုသူဦးရေ ကျဆင်းခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရသည့်ကျောင်းသားများ မိမိကြိုက်နှစ်သက်ရာ စာစစ်ဌာနတွင်ဖြေဆိုနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်