ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင်ဒေသခံ ၂၅၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင်ဒေသခံ ၂၅၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း KNU က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အတွင်း ညောင်လေးပင်ခရိုင်၌ KNU ပူးပေါင်းအဖွဲ့များနှင့် နစကတပ်များအကြား နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းဟု သိရသည်။

“ ဒေသခံပြည်သူ စုစုပေါင်း ၂၄၅၆ ဦးမှာ စစ်ဘေးရှောင်နေရပြီး အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပါတယ်။” ဟု KNU မှ ပြောကြား သည်။

နှစ်ဖက်တိုက်ပွဲကြောင့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်း၊ မရမ်းစိန်လေး စသည့်ကျေးရွာများရှိ အိမ်ခြေလေးရာ နီးပါးမှ ဒေသခံ ၂၅၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။

စစ်ရှောင်အများစုမှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ၎င်းတို့အတွက် အစားအစာ၊ ဆေးဝါးများနှင့် နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူ လူဦးရေ နှစ်သန်းနီးပါးရှိကြောင်း ကုလသမဂ္ဂ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရပြီး၊ ပဲခူးတိုင်းအတွင်း စစ်ဘေးတိမ်းရှောင်နေရသူ သိန်းနှင့်ချီ၍ရှိကြောင်း ဒေသတွင်းစစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

#မောင်ဇော်

Photo – KNU

#ယနေ့ခေတ်

ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင်ဒေသခံ ၂၅၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.