ညောင်တုန်း၊ ဧပြီ ၇
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မဲရွေးချယ်သည့်ကိစ္စနှင့်ပတ်သက်ပြီး စာရင်းအသွင်းခံရသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကြား စကားများရာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားထိုးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဓားဖြင့်အထိုးခံရသည့် အုပ်ချုပ်ရေးမှူးသည် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ပိုင်း)ကျေးရွာ အုပ်စုချုပ်ရေးမှူး မောင်မောင်တာဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က စစ်မှုထမ်းရန်အတွက် မဲဖြင့်ရွေးချယ်ခဲ့ရာ စာရင်းအသွင်းခံရသူလူငယ်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ စကားများရာမှ မဲစာရင်းတွင်ပါရှိသူ လူငယ်တစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အချေအတင်းတွေဖြစ်တာ နှစ်ဖက်စကားများရင်းနဲ့ ရုတ်တရက် အုပ်ချုပ်ရေးမှူးမောင်မောင်တာကို မဲစာရင်းပါတဲ့ကောင်လေး တစ်ယောက်က ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာ။ကောင်လေးကတော့ အခုထိလွှတ်နေတုန်းပဲ။” ဟု ၎င်းကဆက်ပြောသည်။
ဓားဖြင့်ထိုးခံရသည့် အုပ်ချုပ်ရေးမှူးသည် ညာဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း၊ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးသွား သည့်လူငယ်ကို သက်ဆိုင်ရာမှ ပိုက်စိပ့်တိုက်လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဓားနဲ့အထိုးခံရတဲ့အုပ်ကြီးက လောလောဆယ်တော့မသေဘူး။ အခြေအနေက စိုးရိမ်ရတဲ့အခြေအနေလို့သိရတယ်။ ရန်ကုန်ဆေးရုံမှာလေ။ ဒီမှာတော့ အစစ်ဆေးကြမ်းနေတယ်။” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်တုန်းမြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက လမ်းဆုံ၊ လမ်းဂွများတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
ညောင်တုန်းမြို့နယ်တွင် စစ်မှုထမ်းရန်ရွေးချယ်သည့်ကိစ္စဖြင့် အုပ်ချုပ်ရေးမှူးဓားထိုးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်