ရန်ကုန်၊ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပွားပြီး နေအိမ် ၅ လုံး ကမ်းပြိုကျသည့်အထဲပါသွားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ဂန်ချောင်းကျေးရွာတွင် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဧရာဝတီမြစ်ရေတိုက်စားခြင်းကြောင့် ရုတ်တရက်ကမ်းပြိုကျခဲ့ပြီး ကမ်းပါးပြိုကျသည့်နေရာအနီးက နေအိမ် ၅ လုံး မြစ်ထဲမျောပါသွားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြစ်ကမ်းပါးက အလျား ၃၀၀ ပေ၊ အနံ ၁၀၀ ပေလောက်ပြိုကျတာ။ ရုတ်တရက်ပြိုကျတာဆိုတော့ ပြောင်းရွှေ့ချိန်မရလိုက်ဖူး။ အိမ်တွေတော့ ကမ်းပြိုကျတဲ့အထဲပါသွားတာပေါ့။ လူတွေတော့ ထိခိုက်တာမရှိဘူး။” ဟု ၎င်းကဆက်ပြောသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်မျောပါဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု ၅ စုကို လတ်တလော ဆွေမျိုးများ၏နေအိမ်များသို့ ခေတ္တပြောင်းရွှေ့ပေးထားပြီး သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ကမ်းပါးပြိုကျခြင်းကြောင့် မျောပါပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်အများစုသည် ဓနိမိုး၊ ထရံကာနှင့် သွပ်မိုး၊ ထာရံကာအိမ်များဖြစ်ကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ညောင်တုန်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၅ လုံး ရေထဲမျောပါ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်