ရန်ကုန်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းဝင်၍ ညအချိန်ထွက်ပြေးရာမှ မြွေကိုက်ခံရပြီး ဆေးကုသခွင့်မရသဖြင့် စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ကူညီစောင့်ရှောက်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်၊ ည ၉ နာရီတွင် ထန်းကုန်းတိုက်နယ်၌ စစ်ဘေးရှောင်ရသည့် အင်းလယ်ကြီးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးတိမ်း ရှောင်ရင်း မြွေဆိုးကိုက်ခံခဲ့ရကြောင်း သိရသည်။
“ ထွက်ပြေးနေရတာ ညတွင်းချင်းလေ။ စစ်ရှောင်တွေရှိတဲ့တဲတွေဘက်ကို စစ်ကြောင်းထိုးတော့ ညကြီးမင်းကြီး ထွက်ပြေးကြတာပေါ့။ အဲ့လိုပြေးရင်း မြွေကိုက်ခံရတာ။ အဲ့မှာ စစ်ကြောင်းဝင်နေတော့ တောထဲမှာပဲလေ၊ ဆေးကုလို့မရလိုက်ဘူး၊ ဆုံးသွားတယ်။” ဟု ဒေသတွင်းကူညီစောင့်ရှောက်ပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အလားတူ ထို့နေ့၌ပင် ကိုးတောင်ဘို့တိုက်နယ်၊ အလယ်ခုံရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၇ လုံးထိုး ပေးထားခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
ပြီးခဲ့သည့်လ သြဂုတ် ၁ ရက်မှ ၃၁ ရက်နေ့အထိ တစ်လတာအတွင်း ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၁၁ ဦးခန့် မြွေကိုက်ခံခဲ့ရပြီး နှစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာနှင့် ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံရမှု အများဆုံးဒေသများဖြစ်ပြီး ဇွန်လအတွင်းက မြွေဆိုးကိုက်ခံရသူ ၁၂ ဦးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌လည်း မြွေဆိုးကိုက်ခံရသူ ၁၂ ဦးရှိခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှ ယခုချိန်ထိ မြွေဆိုးကိုက်ခံရသည့် စစ်ဘေးရှောင် ၁၀၀ ဦးကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ညအချိန် စစ်ကြောင်းဝင်၍ ထွက်ပြေးရာမှ မြွေကိုက်ခံရပြီး ဆေးကုခွင့်မရဘဲ စစ်ရှောင်တစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်