ဈေးကွက်အတွင်း ဆေးဝါးအချို့ပစ္စည်းများပြတ်နေသလို ဈေးနှုန်းများ မြင့်တက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ဆေးဝါးဈေးကွက်အတွင်း ဆေးအမျိုးအစားအချို့ ပစ္စည်းပြတ်နေပြီး ဈေးနှုန်း များလည်းမြင့်တတ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများ သုံးစွဲရသည့် ဆေးဝါးအချို့ ပစ္စည်းပြတ်လပ်နေခြင်းဖြစ်ရာ ပန်းနာရင်ကြပ်သမားများ အများဆုံးအသုံးပြုနေသည့် ဆေးဝါးများ သည်လည်း ဈေးကွက်အတွင်းဝယ်ယူရန် အခက်အခဲများရှိနေကြောင်း သုံးစွဲနေသူများထံမှ သိရသည်။

“ ဆရာဝန်တွေညွှန်ကြားထားတဲ့ဆေးက ဈေးကွက်ထဲမှ လုံးဝမရှိဘူး။ ဆေးရုံကြီးလိုနေရာမျိုးတောင် သွားရှာဝယ်တာ မရဘူး။ ပစ္စည်းပြတ်နေတယ်ပဲပြောတယ်။ ဆေးရုံတော်တော် များများရယ်၊ ဒိုင်တွေမှာတောင် ပစ္စည်းပြတ်နေတယ်။” ဟု ပန်းနာရင်ကြပ်လူနာတစ်ဦးက ပြောသည်။

အလားတူ သွေးတိုး၊ ဆီးချိုဝေဒနာရှင်များ၊ အာရုံကြောဆေးသောက်သုံးနေရသူများနှင့် အခြားသော နာတာရှည်ရောဂါဝေဒနာရှင်များ သောက်သုံးနေရသည့် ဆေးဝါးများမှာလည်း ဈေးနှုန်းများမြင့်တက်လာသကဲ့သို့ အချို့ အာနိသင်တူသည့် ဆေးဝါးများကို အစားထိုးအသုံးပြုနေရကြောင်း ဆေးလောက အသိုင်းအဝိုင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ရွှေ၊ ဒေါ်လာနှင့် အခြေခံစားသောက်ကုန်စည်များ ဈေးမြင့်တက်နေသည့်အတွက် ပြည်တွင်းရှိ ဆေးနှင့် ဆေးပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးပစ္စည်းဈေးများ မြင့်တက်လာခြင်းကြောင့် ဆေးစွဲသောက်နေရသည့် နာတာရှည် ကျန်းမာရေးမကောင်းသူများအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ ဆေးက မဖြစ်မနေသောက်နေရတာ၊ ကျောက်ကပ်သမားဆိုတော့လေ။ အရင်လကမှ ဆေးက တစ်သိန်းစွန်းစွန်းလေးကျတယ်။ အခုလတော့ နှစ်သိန်းနားကပ်ပေါ့။ ရတဲ့ပင်စင် လေးနဲ့ ဆေးဖိုးလေးသုံးနေရတာ။ လျှော့လိုက်လို့က မရဘူးလေ။ ဆေးစရိတ်မလောက်တော့လည်း ပိုက်ဆံနဲ့ရသလောက်လေးဝယ် သုံးနေရတာပေါ့။” ဟု အသက် ၈၀ ဝန်းကျင် ပင်စင်စားအဖိုးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြန့်ဖြူးနေသည့် ဆေးဝါးကုမ္ပဏီများသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ရောင်းချမှုများရှိနေသည့်အပြင် အရောင်းကန့်သတ်ခြင်းများ လုပ်ဆောင်လာသည့်အတွက် လက်လီအရောင်းဆိုင်အများစုသည် တက်စျေးဖြင့်ရောင်းချနေရကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ဈေးကွက်အတွင်း ဆေးဝါးအချို့ပစ္စည်းများပြတ်နေသလို ဈေးနှုန်းများ မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.