ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

ရန်ကုန်၊ မေ ၂၉

အခြေခံလူတန်းစားများ အများဆုံးဝယ်ယူသုံးစွဲနေသည့် ဈေးကွက်အတွင်းရှိ ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း အိမ်ရှင်မများ၏ပြောကြားချက်အရ သိရသည်။

အခြေခံစားသောက်ကုန်များ အဆမတန်ဈေးမြင့်တက်နေသည့်အတွက် စက်ရုံအလုပ်သမားများ၊ နေ့စားအလုပ်သမားများ အစရှိသည့်လူလတ်တန်းစားများစွာနှင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

“ ကန်းစွန်းရွက်တစ်စည်းကို ၆၀၀ ၊ ကြက်ဥဆိုရင် ၃၅၀/၄၀၀ လောက်ဖြစ်နေပြီ။ အခုဆိုရင် ကြက်ဥ၊ ဘဲဥဝယ်စားရမှာတောင် ချင့်ချိန်နေရတယ်။ လက်ထဲတစ်သောင်းပါတာတောင် ဟင်းစားကသိပ်မရချင်ဘူး။ အစစအရာရာဈေးတက်နေတော့ အဆင်မပြေဘူး။” ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ထိုသို့ ကုန်စျေးနှုန်းများမြင့်တက်လာသော်လည်း စက်ရုံအလုပ်သမားများအပါအဝင်၊ အခြေခံအလုပ်သမားများ၏ တစ်နေ့ဝင်ငွေသည် လွန်ခဲ့သည့်နှစ်များအတိုင်း မပြောင်းလဲကြောင်း သိရသည်။

“ ကုန်ဈေးသာတက်လာတယ်။ လုပ်ခလစာတက်မလာဘူး။ ဒီတိုင်းပဲ။ မနည်းချင့်ချိန်သုံးနေရတယ်။” ဟု စက်ရုံအလုပ်သမားတစ်ဦးက ပြောသည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် ၂၀၂၀ ခုနှစ်တွင် ကြက်ဥတစ်လုံး ၁၀၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၈၀၀၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာကို ၇၆၅ ကျပ် ရှိရာမှ လက်ရှိတွင် ကြက်ဥတစ်လုံး ၄၀၀ ကျပ်၊ ပဲဆီတစ်ပိဿာကို ၁၉၀၀၀ ကျပ်၊ 95 အောက်တိန်း တစ်လီတာကို ၂၆၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။

အလားတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်ဝန်းကျင်၊ ရွှေတစ်ကျပ်သားလျှင် ၁၄ သိန်းဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်ဝန်းကျင်နှင့် ရွှေတစ်ကျပ်သား ၅၅ သိန်းကျော်အထိမြင့်တက်လာကြောင်း သိရသည်။

တယ်လီဂရမ် – https://t.me/yanaekhit/310

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.