ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလအတွင်းကျင်းပမည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရန် ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိတ်ကြားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာလအတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်ခဲ့သော အစည်းအဝေးကိုတက်ရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ရန် လိုလားနေပြီး လက်ရှိအချိန်ကတည်းက ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများသည် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီ ၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင့်ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က “ ကျွန်တော်အနေနဲ့ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ယူကရိန်းသမ္မတကို ဖိတ်ကြားမှာမဟုတ်ဘူး။ တကယ်လို့ သူလာချင်တယ်ဆိုရင်တော့ လာခွင့်ရှိပါတယ်။” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန် ကြိုးပမ်းမှုများမရှိခဲ့သော လက်ရှိအမေရိကန်သမ္မတကို ဝေဖန်ပြစ်တင်ထားသည်။
လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပေါ်ရန် ကြိုးပမ်းခြင်းထက် ယူကရိန်းကို စစ်ရေးအကူညီများစွာပေးခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
eadaily.com
ဇီလန်စကီးကို သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ဖိတ်ကြားမည်မဟုတ်ဟု ဒေါ်နယ်ထရမ့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်