ရန်ကုန်၊ ဇန်နဝါရီ ၃၁
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေကို ဇန်နဝါရီနောက်ဆုံးအပတ်မှစတင်၍ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်း ဘိလပ်မြေတင်သွင်းခွင့်ဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်အတွက် သွင်းကုန်တင်သွင်းမှုကို ကန့်သတ်ထားပြီး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း တင်သွင်းခွင့်ပိတ်ထားကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများကို ပြည်ပမှတင်သွင်းခွင့်ပိတ်ထားသလို ပြည်တွင်း၌လည်း ထုတ်လုပ်နိုင်ခြင်းမရှိသည့်အတွက် ဈေးနှစ်ဆ မြင့်တက်နေကြောင်း သိရသည်။
“ ဘိလပ်မြေတွေက ဈေးနှစ်ဆလောက်မြင့်တက်နေတာ။ ဒါတောင်လက်ကျန်တွေမို့လို့။ ပေးလည်းမသွင်းဘူး။ ဘိလပ်မြေတွေ ပစ္စည်းပြတ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေတောင် ရပ်ထားရတယ်။” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်ကို ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပမှဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ အားဖြည့်တင်သွင်းခွင့်ပြုထားကြောင်း၊ အဆိုပါတင်သွင်းထားသည့် ဘိလပ်မြေများသည် ဖေဖော်ဝါ ရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ ၄ နှစ်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းနီးပါး ရပ်နားခဲ့ရကြောင်း သိရသည်။
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးလိုသည့် ဘိလပ်မြေကို တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
ဇန်နဝါရီနောက်ဆုံးအပတ်မှစတင်၍ ဘိလပ်မြေ ပြန်လည်တင်သွင်းခွင့်ပြုထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်