ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်းကို ဒီဂျစ်တယ်ငွေချေစနစ်ဖြင့် ဆောင်ရွက်သွားမည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ကြောညာစာအရ အီလက်ထရောနစ်စနစ် (e-Submission System) အသုံးပြု၍ ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်းနှင့် နှစ်စဉ် ကြေးပေးသွင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သိရသည်။

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို FDA ၏ e-Submission System တွင် ဆေးဝါးမှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၁၅၀) ကြိုတင်၍ ဝင်ရောက်လျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်း လျှောက်ထားရာတွင် ကနဦးအထောက်အထား စိစစ်ခအဖြစ် ကျပ် ၃ သိန်းကို အီလက်ထရောနစ်စနစ်တွင် ဒီဂျစ်တယ်ပေးချေမှုဖြင့် စတင် ပေးသွင်းရမည်ဖြစ်ပြီး၊ ဓာတ်ခွဲစစ်ဆေးခ ပေးသွင်းထားခြင်းမရှိပါက ဓာတ်ခွဲစစ်ဆေးခပေးသွင်းရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက သက်တမ်းကုန်ဆုံးသည့်နေ့မှ တစ်လလျှင် ဒဏ်ငွေကျပ် ၅ သောင်းစီ ပေးဆောင်ရ မည်ဖြစ်ပြီး၊ တစ်ရက်ကျော်လွန်လျှင် တစ်လစာဒဏ်ငွေကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

Sample, Documents နှင့် ဆေးဝါးမှတ်ပုံတင်လက်မှတ် အချက်အလက်ကွဲလွဲ ခြင်းများရှိပါက အချက်အလက်ပြောင်းလဲခြင်းကို ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး တစ်လအ တွင်း အွန်လိုင်းတွင်မတင်ပြနိုင်ပါက အွန်လိုင်းမှ ဖယ်ရှားခံရမည်ဖြစ်ကြောင်း သိရသည်။

“ အွန်လိုင်းစနစ်ကနေ မှတ်ပုံတင်သက်တမ်းတိုးဖို့ ထုတ်ပြန်ထားတာ တွေ့လိုက်တယ်။ သေချာတော့ မသိရသေးဘူး။ လောလောဆယ်တော့ ဆေးဝါးတင်သွင်းတာ နည်းနည်းလေး အခက်အခဲ‌ဖြစ်နေတယ်။ လမ်းပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိတယ်။ ဒါကြောင့်ဈေးကွက်ထဲမှာ ပစ္စည်းပြတ်နေသလို ဖြစ်နေတာတွေရှိတယ်။ လိုင်စင်အခက်အခဲကြောင့်လည်း ပါတယ်။” ဟု ဆေးဝါးတင်သွင်းသူတစ်ဦးက ပြောသည်။

ထို့ပြင် Sample နှင့် Documents များ ပြည့်စုံမှန်ကန်ပါက Preview ထုတ်ပေးမည်ဖြစ်ပြီး၊ ဆေးဝါးမှတ်ပုံတင်ကြေး ကျပ် ၅ သိန်းကို ဒီဂျစ်တယ်ပေးချေမှုဖြင့် ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။

ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများအတွက် နှစ်စဉ်ကြေး (Annual Fee) ကို အီလက်ထရောနစ်စနစ်တွင် ဒီဂျစ်တယ်ပေးချေမှုဖြင့် နှစ်စဉ်ပေးသွင်းရမည်ဖြစ်ပြီး၊ ဆေးဝါး တစ်မျိုးအတွက် တစ်နှစ်လျှင် ကျပ် ၃ သိန်းဖြင့် သက်တမ်းကာလအတွင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ကြေးပေးသွင်းရန် နှစ်နှစ်ဆက်တိုက် ပျက်ကွက်ပါက ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို ဆက်လက်ဆောင်ရွက်ခွင့်မရှိကြောင်း သိရသည်။

ဆေးဝါးမှတ်ပုံတင်သက်တမ်း ၅ နှစ်ပြည့်မြောက်သည့်နေ့တွင် မှတ်ပုံတင်သက်တမ်းတိုးခြင်းကို အီလက်ထရောနစ်စနစ်တွင် ဆေးဝါးမှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၁၈၀) ကြိုတင်၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်းကို ဒီဂျစ်တယ်ငွေချေစနစ်ဖြင့် ဆောင်ရွက်သွားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.