ဒက္ကာ၊ ဖေဖော်ဝါရီ ၆
ဘင်္ဂလားဒေရှ့်အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာလာသော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ပြည်ထဲ ရေးဝန်ကြီး အေဆာဒက်ဇာမန်ခန် ကာမယ်လ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ပြီးခဲ့သောရက်ပိုင်းက တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ့်ပြည်ထဲရေးဝန်ကြီးက “ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာအစိုးရနဲ့ ဆက်သွယ်နေတယ်။ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို လက်ရှိအချိန်မှာ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားတယ်။ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို မိခင်နိုင်ငံထံပြန်ပို့ဖို့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ် ဆောင်သွားမယ်။” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုအရှိန် မြင့်တက်လာနေခြင်းကြောင့် ဖေဖော်ဝါရီ ၄ ရက်၊ ညနေပိုင်းအထိ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦးသည် ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းသို့ ထပ်မံဆုတ်ခွာခဲ့ရာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၆၀ ဦး ဆုတ်ခွာဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်သတင်းများတွင် ဖော်ပြထားသည်။
မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ လက်နက်များနှင့်အတူ ဆုတ်ခွာခဲ့သော်လည်း စစ်ပွဲဖြစ်ပွားရန် ဝင်ရောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ကိုယ် ကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် ဆုတ်ခွာဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာလာသော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များထဲတွင် ဒဏ်ရာရသူများလည်းပါဝင်ခဲ့ပြီး၊ ဘင်္ဂလားဒေရှ့် ဆေးရုံများတွင် ကုသပေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
observerbd.com/news
ဆုတ်ခွာလာသော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဟုဘင်္ဂလားဒေရှ့်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်