ဒမ္မစကက်၊ ဒီဇင်ဘာ ၁၀
ဆီးရီးယားလက်နက်ကိုင်အဖွဲ့များသည် ဆီးရီးယားသမ္မတ အာဆက်ဒ်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အစိုးရဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမ္မစကက်မြိုအပါအဝင် မြိုအချို့ကိုသိမ်းယူနိုင်ခဲ့သော HTS အဖွဲ့ခေါင်းဆောင် အဘူ မို ဟမ်မက် အယ်ဂျိုလာနီသည် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဆီးရီးယားဝန်ကြီးချုပ်အပြင် ဒုတိယသမ္မတ ဖီယာဆယ် မာဒက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆီးရီးယားဝန်ကြီးချုပ် ဂျာလာလီက ၎င်းတို့အနေဖြင့် လာမည့်ရက်ပိုင်းအတွင်း အာဏာလွှဲပြောင်းရယူခြင်းများ ပြုလုပ်ဖွယ်ရှိနေကြောင်း ပြောသည်။
HTS အဖွဲ့က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသော အင်ဂျင်နီယာဟောင်း အယ်ဘက်ဟား ဦးဆောင်သောအဖွဲ့က ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံမှာ ၁၃ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့သိမ်းပိုက်ထားသောနယ်မြေများတွင် ကိုယ်အစီအစဉ်နဲ့ကိုယ်အုပ်ချုပ်ကာ တည်ငြိမ်နေရာမှ HTS အဖွဲ့ဦးဆောင်မှုနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ၁၂ ရက်အတွင်း ဆီးရီးယားနိုင်ငံအတွင်းရှိ အဓိကမြို့ကြီးများဖြစ်သော အလက်ပိုမြို့၊ ဒမ္မစကက်မြို့နှင့် ပတ်ဝန်းကျင်ရှိမြို့များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး နီဘန်ဇီယာက “ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ အရာအားလုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး အံအားသင့်ခဲ့ရတယ်။ အခြေအနေတွေဟာ လျင်မြန်စွာပြောင်းလဲခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေက ဆီးရီးယားသမ္မတကို ရက်အနည်းငယ်အတွင်း ဖြုတ်ချနိုင်ခဲ့တယ်။” ဟု ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း လက်ရှိအချိန်တွင် ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဆီးရီးယားသမ္မတ အာဆက်ဒ်ကိုဖြုတ်ချပြီးနောက် ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက အစိုးရဖွဲ့စည်းရန်စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်