ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန်စစ်တပ်သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆီးရီးယားနှင် အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့စည်းများသည် အီရန်နိုင်ငံ၏အကူညီကို လက်ခံရရှိနေသော အဖွဲ့စည်းများဖြစ်ကြောင်း သိရသည်။
အမေရိကန်စစ်တပ်သည် အီရန်နှင့်ဆက်နွယ်နေသည့် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များ၏ ဒရုန်းနှင့် ဒုံးကျည်သိုလှောင်ထားသော အဆောက်အဦးများအပြင်အမိန်ပေးစင်တာ၊ ထိန်းချုပ်ရေးစင်တာအပါအဝင် ပစ်မှတ်ပေါင်း ၈၅ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ အမေရိကန်နိုင်ငံသားတစ်ဦး ထိခိုက်မယ်ဆိုရင် လက်တုံ့ပြန်သွားမှာဖြစ်တယ်။” ဟု ပြောသည်။
အီရတ်စစ်တပ်က အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်များကို ချိုးဖောက်ခြင်းဖြစ်သလို ဒေသအတွင်း မတည်ငြိမ်အောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
ပြီးခဲ့သောရက်ပိုင်းက ဆီးရီးယားနှင့်နယ်စပ်ချင်းထိစပ်နေသော ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရပြီး အမေရိကန်စစ်သားများ သေဆုံး၊ ဒဏ်ရာရရှိခြင်းများရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက “ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျွန်တော်တို့ လက်တုံ့ပြန်ခဲ့တယ်။ ကျွန်တော်တို့ဟာ တိုက်ခိုက်မယ့်အချိန်နဲ့ နေရာရွေးချယ်ပြီး ဆက်လက်တိုက်ခိုက်သွားမယ်။ အ မေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာမှာ စစ်ပွဲတွေ။ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမေရိကန်နိုင်ငံသားတစ်ဦး ထိခိုက်မယ်ဆိုရင်တော့လက်တုံ့ပြန်မှာဖြစ်တယ်။” ဟု ပြောသည်။
အမေရိကန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များကို ကူညီပေးနေသည့် အီရန်နိုင်ငံ၏ ဒုံးကျည်အစီစဉ်များနှင့် ဒရုန်းအစီစဉ်များတွင် ပါဝင်ခဲ့သော အဖွဲ့စည်း၊ လူပုဂ္ဂိုလ်များကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဆီးရီးယားနှင့် အီရတ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို အမေရိကန်စစ်တပ် လက်တုံ့ပြန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်