ဆီးရီးယားနှင့်သဘောတူထားသည့် ကြားခံဇုန်များမှ တပ်ဖွဲ့ဝင်များပြန်ရုတ်သိမ်းရန် တောင်းဆိုမှုများကို အစ္စရေးအစိုးရ ငြင်းဆန်

တဲလ်အဗစ်၊ ဒီဇင်ဘာ ၁၃

ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြားရှိ ကြားခံဇုန်မှ အစ္စရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုခြင်းများကို အစ္စရေးနိုင်ငံကငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။

ပြင်သစ်နှင့် ကုလသမဂ္ဂသည် အစ္စရေးနိုင်ငံအား ဆီးရီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေများကို လေးစားရန်နှင့် ကြားခံဇုန်အတွင်းမှ အစ္စရေးတပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းရန် ပြီးခဲ့သောရက်ပိုင်းက တောင်းဆိုခဲ့ပြီးနောက် အစ္စရေးဘက်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ဆီးရီးယားအစ္စလမ်မစ်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက မြို့တော်ဒမ္မစကက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး သမ္မတအာဆတ် ပြည်ပသို့ထွက်ပြေးခဲ့ပြီးနောက် အစ္စရေးက ကြားခံဇုန်များကိုသိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆီးရီးယားတွင် သမ္မတအာဆက်ဦးဆောင်သောအစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို အကြမ်းဖက်သမားများ၏ခြိမ်းခြောက်မှုမှ ကာကွယ်ရန် ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် ယာယီကာကွယ်ရေးဇုန် တည်ဆောက်ထားရမည်ဖြစ်ကြောင်း ပြောသည်။

အစ္စရေးနှင့် ဆီးရီးယားနိုင်ငံကြား ၁၉၇၄ ခုနှစ်က တည်ထောင်ခဲ့သည့် စစ်မက်ကင်းမဲ့စေသော ကြားခံဇုန်ကို အစ္စရေးတပ်ဖွဲ့ဝင်များက လက်ရှိအချိန်တွင် သိမ်းပိုက်တပ်စွဲထားကြောင်း သိရသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုရမ် မာမိုစတိန်းက “ နယ်စပ်ဒေသအနီးမှာ ဂျီဟတ်အဖွဲ့ တွေရဲ့ လုပ်ငန်းတွေနဲ့ စီမံဆောင်ရွက်မှုတွေရှိနေတယ်။ အစ္စရေးရဲ့လုပ်ရပ်တွေဟာ ကာကွယ်ရေးအကြောင်းပြချက်တွေအရ လုပ်ဆောင်နေတာပါ၊ အစ္စရေးနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံကိုကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်းက သိမ်းယူထားသော ဂိုလန်ကုန်းမြင့်အရပ်ကိုကျော်လွန်ပြီး သိမ်းပိုက်တပ်စွဲထားကြောင်း သိရသည်။

ကောင်းထက်ငွေ

voanews.com

ဆီးရီးယားနှင့်သဘောတူထားသည့် ကြားခံဇုန်များမှ တပ်ဖွဲ့ဝင်များပြန်ရုတ်သိမ်းရန် တောင်းဆိုမှုများကို အစ္စရေးအစိုးရ ငြင်းဆန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.