ဒမ္မစကက်၊ ဒီဇင်ဘာ ၁၁
ဆီးရီးယားအသွင်ကူးပြောင်းရေးဝန်ကြီးချုပ်က လက်ရှိအချိန်သည် နိုင်ငံတည်ငြိမ်အေးချမ်းရမည့်အချိန်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆီးရီးယား လက်နက်ကိုင်အဖွဲ့များသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် မြို့တော်ဒမ္မစကက်ကို သိမ်းယူလိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားအာဏာရှင် အာဆဒ်သည် မြို့တော်ဒမ္မစကက် ကျခဲ့ပြီးနောက် ပြည်ပထွက်ပြေးခဲ့ကြောင်း သိရသည်။
ဆီးရီးယားလက်နက်အဖွဲ့များသည် မိုဟာမက် အယ်ဘာရှီယာကို အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ ခန့်အပ်ပေးခဲ့ကြောင်း သိရသည်။
အယ်ဘာရှီယာသည် ပြီးခဲ့သောဇန်နဝါရီလကတည်းက HTS လက်နက်ကိုင်အဖွဲ့ သိမ်းယူထားသောမြို့များကို အုပ်ချုပ်ရန်အတွက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်သည်။
HTS လက်နက်ကိုင်အဖွဲ့သည် ဆီးရီးယားသမ္မတ အာဆဒ်ကို ရုရှားနိုင်ငံသို့ထွက်ပြေးစေရန် တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ဆီးရီးယားစစ်တပ်၏ စစ်ခေါင်းဆောင်များအပြင် ဆီးရီးယားယခင်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူများနှင့် ယာယီအစိုးရဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် Free Syrian Army(FSA) နှင့် HTS jihadists အဖွဲ့အပါအဝင် အတိုက်ခံအုပ်စုများက အင်ဂျင်နီယာဟောင်းတစ်ဦးဖြစ်သော မိုဟာမက် အယ်ဘာရှီယာကို ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားအသွင်ကူးပြောင်းရေး ဝန်ကြီးချုပ်အသစ်က “ လက်ရှိအချိန်ဟာ ဆီးရီးယားပြည်သူတွေ တည်ငြိမ်အေးချမ်းပျော်ရွင်ရမယ့်အချိန်ကာလဖြစ်တယ်။” ဟု ပြောသည်။
ဆီးရီးယားမြို့တော် ဒမ္မစကက်အပါအဝင် မြို့အချို့ကိုထိန်းချုပ်ခွင့်ရထားသော HTS လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဂျိုလာနီက အာဏာလွဲပြောင်းရေးအတွက် ဆွေးနွေးဆောင် ရွက်မည်ဖြစ်သလို စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများနှင့် ညှင်းပန်းနှိပ်စက်ခဲ့သူများကို ကျူးလွန်ခဲ့မှုများအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိလာစေရန် လုပ်ဆောင်မည်ဟု ပြော သည်။
၎င်းက လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်ရမည်ဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းရန်အတွက် ယာယီဝန်ကြီးချုပ် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်