ရန်ကုန်၊ မတ် ၁၅
စားအုန်းဆီဝယ်ယူရခက်ခဲနေသည့် ဈေးကွက်အတွင်း ဆီဝယ်မစာအုပ်ဖြင့် တစ်လလျှင် သုံးပိဿာရောင်းချပေးရာမှ ယခုအခါ တစ်လလျှင် တစ်ပိဿာသာရောင်းချပေးတော့ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဈေးကွက်အတွင်း စားအုန်းဆီဝယ်ယူရခက်ခဲလာပြီး တစ်ပိဿာ ကျပ်နှစ်သောင်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဆီဝယ်စာ အုပ်ဖြင့် ရောင်းချသည့်စနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
“ အခု ဆီက ခါတိုင်းလိုမရတော့ဘူး။ တစ်လမှ တစ်ပိဿာပဲရတော့တယ်။ ဆီကန်ပိတ်လို့ ဘာဖြစ်လို့နဲ့ အကြောင်း ပြကြတယ်။ ဆီစာအုပ်နဲ့ဆို ဆိုင်တွေကသိပ်မရောင်းချင်ဘူး။ သူတို့က သတ်မှတ်ချိန်ကျော်သွားရင်လည်း မရောင်းတော့ဘူး။” ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဆီစာအုပ်ဖြင့် စားအုန်းဆီဝယ်ယူခွင့်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်စတင်ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်တစ်ကြိမ် ဆီတစ်ပိဿာရောင်းချပေးခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ရည်ညွှန်းဈေးထက် နှစ်ဆပိုပေး၍ဝယ်ယူနေရပြီး၊ ပြည်ပမှစားအုန်းဆီတင်သွင်းမှုကို လာမည့်နှစ်မှစပြီး လျှော့ချသွားမည်ဖြစ်ကြောင်း ကာလုံအစည်းအဝေးတွင် ပြောကြားထားသည်။
နိုင်ငံအတွင်း တစ်လလျှင် စားအုံးဆီတန်ချိန် ၇၅,၀၀၀ ခန့်လိုအပ်ပြီး ပြည်ပမှထက်ဝက်ခန့်တင်သွင်းနေရကြောင်း သိရသည်။
သတင်း/ ဓာတ်ပုံ – #စုစု
#ယနေ့ခေတ်
ဆီဝယ်စာအုပ်ဖြင့်ဝယ်ယူခွင့် တစ်လလျှင်တစ်ပိဿာသာရောင်းချပေးတော့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်