ဆိုလာများ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသည့်အတွက် ဆိုလာအရောင်းဆိုင်များတွင် ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် တစ်ရက်လျှင် လျှပ်စစ်မီးရှစ်နာရီသာရရှိသည့်အတွက် မီးစက်နှင့်ဆိုလာများ ယခင်ထက်ရောင်းအားကောင်းလာကြောင်း သိရသည်။

“ အခုကတော့ ဆိုလာတွေက ပစ္စည်းပြတ်နေပြီ။ ၂၀ ကျော်မှ ဈေးကွက်ထဲပြန်ရောက်မယ်။ မီးစက်ထက် ဆိုလာကိုပိုဝယ်ကြတယ်။ ဈေးကတော့ အနိမ့်ဆုံး ၄၅၀,၀၀၀ ကနေစရှိပါတယ်။ တစ်ချပ်ဈေးပေါ့။” ဟု ဆို‌လာရောင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုကာလတွင် အစိုးရလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ တစ်ရက်ပျမ်းမျှ ၂၂၀ဝ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး၊ ထုတ်လုပ်နိုင်မှု၏ ၅၀% ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

အထက်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၅ ရာခိုင်နှုန်း အချိုးချ၍ ဓာတ်အားခွဲဝေပေးနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်။ ၄ နာရီပေး ၈ နာရီပိတ်။ ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်၊ အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အုပ်စု ၄ စုခွဲ၍ ၃ နာရီပေး၊ ၉ နာရီပိတ် အလှည့်ကျနှင့် အုပ်စု ၄ စုခွဲ၍ ၄ နာရီပေး၊ ၁၂ နာရီပိတ် အလှည့် ကျအစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် အများပြည်သူများအား တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ယာများအား ၁၈ နာရီပေး ၄ နာရီပိတ် အစီအစဉ်ဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ၆ နာရီ အလှည့်ကျအစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ဆိုလာများ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.