ရန်ကုန်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ နေရပ်မပြန်နိုင်သေးသည့် ဒေသခံစစ်ဘေးရှောင်များ၏ ထမင်းတစ်နပ်စာမှာ ကျပ်တစ်သိန်းခွဲရှိပြီး ပုံမှန်အလှူရှင်များ မရှိသည့်အတွက် ရေရှည်ရပ်တည်ရန် ခက်ခဲလာကြကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံအဖွဲ့အစည်းမှ သိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသဖြင့် အလှူရှင်များ ယခင်လောက် မလှူဒါန်းနိုင်တော့ဘဲ ရံဖန်ရံခါသာ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
“ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းကြီးလာတော့ အလှူရှင်တွေလဲ အရင်လိုမလှူနိုင်တော့ဘူး။ ညောင်ပင်ကြီးရွာ တောင်နဲ့မြောက် စစ်ဘေးရှောင်တွေပေါင်းလိုက်ရင် တစ်ထောင် ကျော်ရှိတယ်။ အရင်တုန်းက စစ်ဘေးရှောင်တစ်ဦးကို ထမင်းတစ်နပ်ကို တစ်ထောင်နှုန်း သတ်မှတ်ပြီးကျွေးတယ်။ ဈေးတွေကြီးလာတော့ တစ်နပ်ကို ထောင့်နှစ်ရာနှုန်းနဲ့ တွက် လိုက်ရင် အားလုံးဆိုရင် တစ်သိန်းခွဲလောက်ကျတယ်။ ရေရှည်ဆိုရင်တော့ မလွယ်ဘူး။” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။
ဇွန်လ ၈ ရက်နေ့က ညောင်ပင်ကြီးကျေးရွာအုပ်စု၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲများကြောင့် ဒေသခံလေးထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပြီး နေအိမ်များ မီးလောင်ပျက်စီးသွားသည့် အတွက် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့်စစ်ရှောင် တစ်ထောင်ကျော်ကျန်ရှိနေသေးကြောင်း၊ စစ်ရှောင်စခန်းများအနီးတွင် ဝမ်ပေါင်စီမံကိန်းကို လုံခြုံရေးယူထားသည့် အဖွဲ့များရှိနေသဖြင့် စစ်ဘေးရှောင်များအတွက် သွားလာရေး အခက်အခဲများရှိနေကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – CJ
ဆားလင်းကြီး စစ်ရှောင်စခန်းများတွင် စစ်ရှောင်အားလုံး၏ ထမင်းတစ်နပ်စာ ကျပ်တစ်သိန်းခွဲရှိပြီး ပုံမှန်အလှူရှင်မရှိသဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်