ဆားလင်းကြီး စစ်ဘေးရှောင်များ၏ လိုအပ်ချက် ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်သေး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ စစ်ဘေးရှောင်များအတွက် အိပ်ယာခင်းများ အရေးပေါ်လိုအပ်နေပြီး လက်ရှိတွင် လိုအပ်ချက်များ၏ ၁၀ ရာခိုင်နှုန်းကိုသာ လုပ်ဆောင်ပေးနိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဆားလင်းကြီးမြို့၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်း၌ အခင်းမရှိပဲ သံမံတလင်းမှာ အိပ်နေရသဖြင့် ရာသီဥတုအေးလာသောကြောင့် အိပ်ယာခင်းနှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“သူတို့က သံမံတလင်းပေါ်မှာအိပ်ရတော့၊ ရာသီဥတုအေးလာတဲ့အခါ အိပ်ယာခင်းနဲ့စောင်တွေ လိုအပ်တယ်ဆိုပြီး အကူအညီတောင်းလာကြတယ်။ ကျွန်တော်တို့လည်း တတ်နိုင် သလောက် အိမ်ထောင်စု ၆၂ စုစာအတွက် အိပ်ယာခင်းနဲ့စောင်တွေ သွားကူညီပေးခဲ့တယ်။ တစ်ကယ်တမ်း လိုအပ်နေတာက အိမ်ထောင်စု ၆၀၀ ကျော်ရှိတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ထပ်ပြီးကူညီပေးမှာပါ။” စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်တွင် ဆားလင်းကြီး စစ်ဘေးရှောင် အိမ်ထောင်စု ၆၂ စုစာအတွက် အိပ်ယာခင်းနှင့် စောင်များနှင့် အိမ်ထောင်စုတစ်စုအတွက် ငွေကျပ် ၂၄၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်မှစတင်ကာ ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီးကျေးရွာ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယခုအချိန်အထိ နေရပ်မပြန်နိုင် သေးသည့် စစ်ဘေးရှောင် ၁,၀၀၀ ဝန်းကျင်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဆားလင်းကြီး စစ်ဘေးရှောင်များ၏ လိုအပ်ချက် ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်သေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.