ရန်ကုန်၊ ဒီဇင်ဘာ ၂၁
မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ကျူးလွန်သူဆရာဝန်နှင့် ပါဝင်သူကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ဆေးကျောင်းအတူတတ်ခဲ့သည့် သူငယ်ချင်းက ပြန်ပေးဆွဲ၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့က သေဆုံးသူဆရာဝန်၏ဖခင်ထံသို့ အမျိုးသားတစ်ဦးမှ ဖုန်းအမှတ် 09681201457 ဖြင့် ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုပါက ကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့လာထားရန်၊ လာထားသောငွေကို ၎င်းတို့လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့ သွားရောက်၍ ကျပ်သိန်း ၃၀၀၀ ကို ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်လည်ဆက်သွယ်ခဲ့သည်။
သို့သော် သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ဒီဇင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကာ လုံခြုံရေးတပ် ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီတွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆) နှစ် (ဘ) ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ၈၂ လမ်း လမ်းသစ် လမ်း x ၁၀၅ လမ်းကြား ငွေလရောင်ဆေးခန်း) အားစစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့် မြတ်ထွန်းနှင့် ဆေးကျောင်းအတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည်။
“ ဒီသတင်းကြားရတာ တော်တော်လေးကို စိတ်မကောင်းစရာပါ။ မြန်မာနိုင်ငံကြီးဘာတွေဖြစ်နေပြီလဲဆိုတာ စဉ်းစားစရာတွေဖြစ်ကုန်တယ်။ ဆရာဝန်အချင်းချင်းပြန်သတ်တယ်ဆိုတာ တော်ရုံမရှိဘူး။ ကြားလည်းမကြားဖူးဘူး။ လူ့စိတ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ဆရာဝန်တွေတောင် ဒီလိုဖြစ်ကုန်ပြီ။ စိတ်မကောင်းစရာသတင်းပေါ့။ ဒီသတင်းကြားကြားချင်း တုန်လှုပ်သွားမိတယ်။” ဟု ခွဲစိတ်ပါမောက္ခတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြစ်မှုကျူးလွန်သူသည် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲ၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဖြိုးနှင့် မိုးဒီ(ခ)လွမ်းဇင်အောင်တို့နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်ရရှိရေးကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
#စုစု
ဓာတ်ပုံ – သတင်းမှန်ပြန်ကြားရေး
#ယနေ့ခေတ်
ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်