ရန်ကုန်၊ စက်တင်ဘာ ၁၅
အခြားပြည်နယ်နှင့်တိုင်းများမှ တင်ပို့မည့် ဆန်/ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ပြန်လည်ဖြေလျှော့ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မြင့်တက်နေသည့်ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် အခြားပြည်နယ်နှင့်တိုင်းများမှ တင်ပို့မည့် ဆန်/ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားရန်လိုအပ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။
“ စပါးကတော့ နယ်ကျော်လို့မရဘူး။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်မှာပဲ ကြိတ်ခွဲရမယ်။ ဆန်/ဆန်ကွဲကိုတော့ အခုဖြေလျှော့ပေးလိုက်ပြီ။ မလိုတော့ဘူး” ဟု ဒုဥက္ကဌ ဒေါက်တာစိုးထွန်းကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့သည့်အတွက် အသင်းချုပ်မှ အရန်ဆန်ထုတ်ရောင်းပေးခြင်း၊ သက်သာသော နှုန်းထားများဖြင့် ဆန်များကို ရောင်းချပေးနေခြင်းဖြစ်သည်။
သို့သော် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိပဲ အမြင့်ဈေးဖြင့် ငြိမ်နေကြောင်း သိရသည်။
ယနေ့ ပြင်ပပေါက်ဈေး ရန်ကုန်ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၃၀,၀၀၀ ကျပ်၊ ဆန်ကြမ်း ၈၄,၀၀၀ ကျပ် ဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ထို့ပြင် ပြည်ပဆန်တင်ပို့ခွင့်ကိုလည်း ၁၀၀ ရာခိုင်နှုန်း လက်ဝယ်ရှိမှသာလျှင် ပို့ကုန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ-ဆန်စပါးရောင်းဝယ်ရေး
ဆန်/ဆန်ကွဲ နယ်ကျော်သယ်ယူခွင့် ပြန်လည်ဖြေလျှော့ပေးလိုက်ဟု MRF ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်