ရန်ကုန်၊ စက်တင်ဘာ ၂၃
ဆန်ဈေးများကျလာပြီဟု ဆန်စပါးအသင်းချုပ် MRF မှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကန့်သတ်ချက်များ ပြုလုပ်ပြီးနောက်ပိုင်း ဆန်ဈေးနှုန်းများ ကျဆင်းလာခဲ့ကြောင်း အသင်းချုပ်၏ ပြော ကြားချက်အရ သိရသည်။
“ ဆန်ဈေးက အရင်ကထက်ဆို ၁၅ ရာခိုင်နှုန်းအထိ ကျလာတာတွေ့ရတယ်။ အသင်းချုပ်အနေနဲ့ အားလုံးအဆင်ပြေအောင် လုပ်ပေးနေပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းလေ။ တတ်နိုင်သလောက်တော့ ဈေးငြိမ်အောင်လုပ်ရတာပေါ့။” ဟု ဦးရဲမင်းအောင်ကပြောသည်။
အသင်းချုပ်ဥက္ကဌက အထက်ပါအတိုင်းဆိုသော်လည်း လက်တွေ့တွင်မူ ဆန်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ဈေးကွက်အတွင်း အမြင့်ဈေးများဖြင့်သာ ရောင်းချနေကြကြောင်း သိရသည်။
ဆန်စပါးဈေး ကျဆင်းစေရန်အတွက် ဈေးကွက်အတွင်း ဧည့်မထဆန် တစ်ပြည်ကို ၂၅၀၀ ကျပ်ဖြင့်ရောင်းချပေးခြင်း၊ ကုန်စည်ဒိုင်တွင် သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာ ဆန် ရောင်းချပေးခြင်းတို့ကို အသင်းချုပ်မှ လုပ်ဆောင်ပေးနေသော်လည်း ဆန်ဈေးမကျနိုင်ကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။
“သူတို့အဓိကလုပ်ရမှာက သွင်းအားစုတွေ ဈေးမြင့်နေတာကို လျှော့မှရမယ်။ ဆန်ဈေးကျတယ်ဆိုတာ လာကြည့်ရင် သိမှာပေါ့။ သူတို့သတ်မှတ်တဲ့ဈေးနဲ့ရောင်းတာ ဘယ်သူမှ မရှိဘူး။ ဆန်တပြည် နှစ်ထောင့်ငါးရာနဲ့ ရောင်းတယ်ဆိုတာ ကုန်သည်ကအရှုံးခံပြီး ရောင်းရတာ။” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲရှိပြီး ဧရာဝတီပေါ် ဆန်း တစ်အိတ်လျင် ကျပ်တစ်သိန်းသုံးသောင်းနှင့် ဧည့်မထ တစ်အိတ်လျှင် ကျပ်ရှစ်သောင်းဝန်းကျင် ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
အောင်သူရိန်
ဓါတ်ပုံ – ဆန်စပါးရောင်းဝယ်ရေး
ဆန်ဈေးများကျလာပြီဟု ဆန်စပါးအသင်းချုပ်ဥက္က ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်