ရန်ကုန်၊ နိုဝင်ဘာ ၇
ပြည်တွင်း ဆန်နှင့်စပါး သိုလှောင်မှုများကို မှတ်ပုံတင်ရမည်ဖြစ်ရာ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။
နိုဝင်ဘာလ ၃ ရက်မှစတင်ကာ ဆန်စပါးသိုလှောင်သူများ ဆန်တန်ချိန် ၅၀ နှင့် စပါးတင်း ၅၀၀၀ သိုလှောင်မည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှာ ဆန်နဲ့စပါးသိုလှောင်ဖို့အတွက် အွန်လိုင်းမှတ်ပုံတင်ဖို့ လျှောက်ရမယ်။ ကိုယ်သိုလှောင်မယ့်နေရာ အတိအကျနေရာကို ကျွန်တော်တို့ကို ပို့ပေးရမယ်။ ကိုယ်လှောင်မယ့်နေရာအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပေးထားတဲ့ ထောက်ခံချက်ရမှ ကျွန်တော်တို့က ခွင့်ပြုပေးမယ်။” ဟု စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်ကို ပြောသည်။
ဆန်စပါး သိုလှောင်မှုများအတွက် ကောက်ခံမည့် အွန်လိုင်းမှတ်ပုံတင်ကြေးကို ကုဗပေဈေးနှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး မှတ်ပုံတင်ကြေးအတွက် တစ်နှစ်စာကို ကျပ်ငါးသောင်းမှ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ဌာနက သိုလှောင်တဲ့ ပမာဏအပေါ် ကုဗပေနဲ့တွက်ချက်ပြီး မှတ်ပုံတင်ကြေးကို ကောက်ခံမှာပါ။ ဥပမာ သိုလှောင်ထားတဲ့ ဆန်ဖြစ်ဖြစ်၊ စပါးဖြစ်ဖြစ် လှောင်ထားတဲ့ အပေါ် မူတည်ပြီး အလျား၊ အနံ၊ အမြင့်တွေကို ကုဗပေနဲ့တိုင်းပြီး လှောင်ထားသလောက် မှတ်ပုံတင်ကြေးကို ငါးသောင်းကနေစပြီး လှောင်ထားတာများရင်များသလို ပေးဆောင် ရမှာပါ။” ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်နှင့် စပါးသိုလှောင်မှုများကို စနစ်တကျဖြစ်စေနိုင်ရန်အတွက် ဆန်စပါးသိုလှောင်မှုများကို မှတ်ပုံ တင်ခိုင်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှ သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – UMFCCI
ဆန်စပါးသိုလှောင်မှုအတွက် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်