ဆန်ကြမ်းတစ်အိတ် တစ်သိန်းနီးပါးအထိ ဈေးတက်

ရန်ကုန်၊ ဩဂုတ် ၂၃

လက်ရှိဈေးကွက်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်းနီးပါးအထိ ဈေးနှုန်းများမြင့်တက်လာသဖြင့် လက်လုပ်လက်စားနှင့် အနှေးယာဉ်လုပ်သားများ အခက်တွေ့လာ ကြောင်း သိရသည်။

ဆန်ဈေးကွက်အတွင်း၌ ဧည့်မထဆန်တစ်အိတ်လျှင် လက်ကားဈေး ခုနှစ်သောင်းဝန်းကျင်ရှိပြီး လက်လီဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်ရှစ်သောင်းကျော်၊ ကိုးသောင်းဝန်းကျင် အထိ ရောင်းချလာကြကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရသည်။

“ဆန်တစ်ပြည်ကို ၃၉၀၀၊ ၄၀၀၀ ပေးဝယ်နေရတာ၊ ဟင်းစားဖိုးမပါဘူး နေ့တိုင်းကြက်ဥကြော်တောင် နပ်မမှန်ချင်ဘူး၊ အရင်က ထမင်းရှိရင် ပဲပြုတ် ၂၀ သား လောက်နဲ့ အဆင် ပြေတယ်၊ ပဲပြုတ်တောင် ၁၀ သား ၈၀၀ ဖြစ်နေတာလေ၊ တစ်နေ့နင်းကြေး တစ်သောင်းမကျော်ရင် တော်တော်အဆင်မပြေဘူးဗျ၊ အုံနာကြေးက ၁၂၀၀ ပေးရတယ်၊ တစ်ပတ်တစ် ခါရှင်းတောင် မပြည့်ပါဘူးဗျာ” ဟု အနှေးယာဉ်လုပ်သားတစ်ဦးက ပြောသည်။

ဆန်ဈေးနှုန်းများမှာ ယခုနှစ်ပိုင်းအတွင်း ပိုမိုမြင့်တက်လာခဲ့ပြီး လက်လုပ်လက်စားများနှင့် အနှေးယာဥ်လုပ်သားများမှာ ခက်ခဲသထက် ခက်ခဲလာခဲ့ကြောင်း ပြောဆိုကြသည်။

အချို့မှာ တစ်နေ့စာဈေးဖိုးပြည့်မှီရန် ကွမ်းစားခြင်း၊ လက်ဖက်ရည်သောက်ခြင်းများပင် နေ့စဥ်လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်းနှင့် ယခုထက်ပိုမို ဆိုးရွားလာသည့်အခြေအနေ မျိုး မကြုံတွေ့ချင်တော့ကြောင်း ကုန်စိမ်းရောင်းချသည့် ပျံကျဈေးသည်တစ်ဦးက ပြောသည်။

“ အရင်လို ကုန်များများလည်းမဝယ်နိုင်တော့ဘူး။ ကုန်များရင်၊ အမယ်ဆုံရင် အရင်ကမြတ်တယ်။ အခုက အဲ့လိုကိုမရင်းနိုင်တော့တာ။ သယ်ယူစရိတ်နဲ့ ရောင်းရတာနဲ့က မမျှ၊ အ မြတ်ကနည်းပြီး တစ်နေ့အိမ်စရိတ်က မြင့်နေတော့ အခုထက်ပိုပြီး ဆန်ဈေး၊ ဆီဈေးတင်လာရင် ထမင်းတစ်နေ့ တစ်နပ်လောက်စာပဲ ရှာနိုင်တော့မယ်ထင်တယ်။ အခုတောင် သရေ စာတွေပြတ်လာပြီ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆန်ဈေးများမှာ လက်ကားဒိုင်ဈေးနှုန်းများ၌ပင် မြင့်တက်နေသဖြင့် လက်ကားရောင်းချနေသည့် ဆန်ဒိုင်များမှာ အမြတ်နည်းကာ အရင်းများလာကြောင်း ပြောဆိုလာ ကြသည်။

“ဆန်းစပါးကုန်စည်ဒိုင် ထုတ်ပြန်ချက်ထက် ပြင်ပပေါက်ဈေးက အကြမ်း ငါးထောင်၊ အချော တစ်သောင်းထပ်ပေါင်းပါ။ ဆန်စျေးက ပွဲရုံရောင်းစျေးထက် မြေပြင်အခြေအနေက စျေးပိုများနေပါတယ်၊ ပွဲရုံဆန်လက်ကျန်ကုန်သွားပါက စျေးနှုန်းထက် မံပြောင်လဲသွားနိုင်ပါတယ်။ အရင်က လက်ကားဈေး တစ်အိတ် နှစ်ထောင်လောက်မြတ်ရင်တောင် အခုက အဲ့လောက်တောင် မမြတ်တော့တာ၊ ကိုယ်က အမြတ်တင်ရင် ဝယ်သူပိုခတ်မှာစိုးလို့လေ” ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တစ်ဦး ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆန်အမျိုးအစားအလိုက် ယနေ့ ဩဂုတ်လ ၂၃ ရက်၏ လက်ကားဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် လျှင် ၁၁၀,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်ကြား၊ ဧရာဝတီတိုင်းအတွင်းထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၁၀၅,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်ကြား၊ ဧည့်မထဆန်အမျိုးအစားမှာ ၆၉,၀၀၀ ကျပ် ဝန်းကျင်၊ ငစိန်ဆန်အမျိုးအစားမှာ ၆၇,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်ကြားဈေးရှိကြောင်း သိရသည်။

“ လက်ကားဈေးလည်း တက်တက်လာတာတစ်လအတွင်းကို တစ်သိန်းလေး သောင်းခွဲ၊ တစ်သိန်း ငါးသောင်းဆိုတော့၊ အခုက ရွှေဘိုပေါ်ဆန်းထက် ဧရာဝတီတို့ ဖျာပုံတို့ပြောင်းပြီး စားလာကြတယ်၊ ငါးသောင်းလောက်ကွာတယ်လေ၊ ဆန်ကြမ်းလည်းတက်တာပဲ” ဟု ဆန်လက်လီရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပ လက်လီဈေးကွက်အတွင်း ဆန်တစ်ပြည် အနိမ့်ဆုံး ၄၅၀၀ ကနေ အမြင့် ဆုံး ၇၀၀၀ ကျပ်အထိ ရောင်းချနေကြပြီး ပေါ်ဆန်းမွှေး အိုးဝင်ထူးထူးရှယ် ၂၄ ပြည် တစ်အိတ်လျှင် ၁၆၅,၀၀၀ ကျပ်ကျော် ထိပေါက်ဈေးရှိပြီး၊ ကြားပျံရှယ် တစ်အိတ်လျှင် ၁၂၂,၀၀၀ ကျပ်ဝန်းကျင်၊ ကျောင်းတော်ရာ မဂျမ်းတောထူးထူး ရှယ် ၂၄ ပြည် တစ်အိတ်လျှင် ၁၆၄,၀၀၀ ကျပ်ဝန်းကျင်၊ မြောင်းမြ ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်ဝန်းကျင်၊ ဆင်းသွယ် ၂၄ ပြည် တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်ဝန်းကျင်၊ မနောသုခ ၂၄ ပြည် တစ် အိတ်လျှင် ၈၆,၀၀၀ ကျပ်ဝန်းကျင်၊ ဇီယာ ၈၂,၀၀၀ ကျပ်ဝန်းကျင် စသည့်ဖြင့် ဈေးနှုန်းများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရှိရသည်။

သတင်း၊ ဓာတ်ပုံ – ဂျူဂျူး

#ယနေ့ခေတ်

ဆန်ကြမ်းတစ်အိတ် တစ်သိန်းနီးပါးအထိ ဈေးတက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.