ဆင်မလိုက်ဆိပ်ကမ်းတွင် သင်္ဘောတစ်စီးပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းတွင် ဇန်နဝါရီ ၂ ရက်၊ နံနက် ၁၀ နာရီက ရပ်တန့်ထားသည့် သင်္ဘောတစ်စီးပေါ်တွင်  ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး​သေဆုံးကာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ဆင်မလိုက်ဆိပ်ကမ်းတွင် ရပ်တန့်ထားသည့် ကွန်တိန်နာသင်္ဘောတစ်စီးပေါ်မှ ဆီလှောင်ကန်က ဒီဇယ်လက်ကျန်များကို ပန့်နှင့်စုပ်ယူရာတွင် ပွတ်တိုက်မှုဖြစ်ပွားပြီး မီးပွားကျကာ ဆီးခိုးဆီငွေ့များကြောင့် မီးလောင်ပေါက်ကွဲခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ သင်္ဘောအင်ဂျင်နီယာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ပီအာရ်-၀၄၅ ဖြင့် လက်ခံထားပြီး၊ ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင််း သိရသည်။

မီးလောင်ပေါက်ကွဲမှုကြောင့် ဆီထုတ်ပိုက်၊ ဝရိန်ပုံး၊ ဝရိန်ကြိုးတို့ မီးလောင်ခဲ့ပြီး အင်ဂျင်နီယာမှူး အသက် ၃၁ နှစ် အရွယ် ဦးရဲထွန်းဝင်း နေရာတွင်သေဆုံးခဲ့ကာ၊ အသက်၂၁ နှစ်အရွယ် ဦးဝေလွင်ထွန်းနှင့် အသက် ၃၄ နှစ်အရွယ် ဦးစိုးထွန်းနိုင်တို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းက သေဆုံးသူ သင်္ဘောအင်ဂျင်နီယာအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၂၈၅ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ဆင်မလိုက်ဆိပ်ကမ်းတွင် သင်္ဘောတစ်စီးပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.