ရန်ကုန်၊ အောက်တိုဘာ ၃၁
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၌ နေအိမ်စျေးဆိုင်တွင် စျေးရောင်းနေသူ အမျိုးသမီးတစ်ဦး ယမန်နေ့က ပစ်ခတ်ခံ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့၊ နံနက် ၇ နာရီဝန်းကျင်က ဆင်ပေါင်ဝဲမြို့နယ်၊ ကြက်မွှေးနှုတ် တဲတိုက်ကျေးရွာရှိ နေအိမ်စျေးဆိုင်၌ စျေးရောင်းချနေသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးထံသို့ အမည် မသိ လူတစ်စုရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ စျေးဆိုင်မျက်နှာကြက်တွင် လက်လုပ်မိုင်းတစ်လုံးထားခဲ့ကြောင်း သိရသည်။
“ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူခုနစ်ယောက်က ဆိုင်ကိုရောက်လာပြီး စျေးရောင်းနေတဲ့ကောင်မလေးကို ပစ်သွားတာ။ ငွေ ၁၀ သိန်းနဲ့ ဆွဲကြိုး၊ နားကပ်တွေလည်း ယူသွား တယ်တော့ကြားတယ်။ ပြီးတော့ ရဲတွေလာစစ်ချိန် လက်လုပ်မိုင်းလည်းကွဲတာ ရဲတစ်ဦးပါထိသွားတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသူ အမျိုးသမီးတွင် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ၏အလောင်းအား လာရောက်စစ်ဆေးစဉ် စျေးဆိုင်မျက်နှာကြက်ရှိ လက်လုပ်မိုင်းပေါက်ကွဲခဲ့၍ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စျေးရောင်းချနေသူ အမျိုးသမီးအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။
#မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ဆင်ပေါင်ဝဲ၌ နေအိမ်တွင် စျေးရောင်းနေသူအမျိုးသမီး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်