အစ္စလာမ်မာဘတ်၊ ဧပြီ ၃၀
ကက်ရှ်မီးယားတွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုအပေါ် စိုးရိမ်မှုများကြောင့် အိန္ဒိယသည် စစ်ရေးအရတိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန်စီစဉ်နေကြောင်း ယုံကြည်လောက်သော ထောက်လှမ်းရေးသတင်းရရှိထားသည်ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၊ စစ်တပ်နှင့် လုံခြုံရေးအကြီးအကဲများ ယမန်နေ့က တံခါးပိတ်တွေ့ဆုံပြီးနောက် တိုက်ခိုက်မှုကိုတုံ့ပြန်ရန် စစ်တပ်အား စစ်ဆင်ရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးခဲ့သည်ဟု အကြီးတန်း အစိုးရသတင်းရင်းမြစ်တစ်ဦးက AFP သို့ ပြောကြားသည်။
“ ပါဟယ်ဂမ်ဖြစ်ရပ်ကိုအကြောင်းပြုပြီး လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း စစ်ရေးတိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ယုံကြည်ရသည့် ထောက်လှမ်းရေးသတင်းရရှိထားသည်” ဟု တာရာက X တွင်ပြောကြားခဲ့ သည်။
ပါဟယ်ဂမ်သည် အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားရှိ ခရီးသွားအချက်အချာနေရာတစ်ခုဖြစ်ပြီး ဧပြီလ ၂၂ ရက် က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုတွင် အရပ်သား ၂၆ ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုကို ပါကစ္စတန်ကထောက်ခံကြောင်း အိန္ဒိယကစွပ်စွဲထားပြီး အစ္စလာမ်မာဘတ်က ငြင်းဆိုထားသည်။
“ရန်လိုတဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်မှာပါ” ဟု တာရာက ဆိုသည်။ “ ဒေသတွင်း ဆိုးရွားတဲ့ အကျိုးဆက်တွေအတွက် အိန္ဒိယက အပြည့်အဝတာဝန်ရှိပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အိမ်နီးချင်းတရုတ်နိုင်ငံမှသည် အမေရိကန်အထိ ကမ္ဘာတဝှမ်းရှိနိုင်ငံများသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံများ၏ တင်းမာမှုများတိုးလာနေသည့်အပေါ် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများကိုဖော်ပြကြပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြသည်။
ဟိမဝန္တာကင်းစခန်းများဖြစ်သည့် ကက်ရှ်မီးယားနယ်စပ် ထိန်းချုပ်ရေးမျဉ်း(LoC)ကိုဖြတ်ကာ ပါကစ္စတန်တပ်ဖွဲ့များနှင့် အကြိမ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်က အဆိုပါပစ်ခတ်မှုအား အတည်မပြုနိုင်သေးသော်လည်း အစ္စလမ်မာဘတ်ရှိ အစိုးရရေဒီယိုက အင်္ဂါနေ့တွင် အိန္ဒိယမှဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း အဆိုပါလုပ်ရပ်သည် ပါကစ္စတန်၏လေပိုင်နက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
Ref: Bangkok Post
#ယနေ့ခေတ်
ဆက်ဆံရေးတင်းမာမှုနေချိန်တွင် အိန္ဒိယက စစ်ရေးအရစီစဉ်နေကြောင်း ပါကစ္စတန်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်