ရန်ကုန်၊ ဧပြီ ၂၅
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် စိန်တစ်လုံးသရက်သီးများကို တရုတ်သို့တင်ပို့ရာတွင် ဈေးကောင်းမရဖြစ်နေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စိန်တစ်လုံးသရက်သီးများကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဂိတ်မှ တင်ပို့ခြင်းဖြစ်ပြီး ယခုအခါ လမ်းခရီးကြန့်ကြာမှုရှိသည့်အပြင် ကုန်ကျစရိတ်လည်းများပြားကြောင်း သိရသည်။
“ မန္တလေးနယ်က စိန်တလုံးသရက်သီးတွေ မိုင်းလားပေါက်ကနေတင်ပို့ရတာ အဆင်မပြေဘူး။ လမ်းခရီးကြံ့ကြာမှုအပြင် စရိတ်အကုန်အကျများတယ်။ ဈေးကွက်တည်နေရာအရ စားသုံးသူများတဲ့ ကူမင်း-မန်စီ-ရွှေလီအထိ တစ်ရက်တာခရီးရှိသေးတော့ ဈေးကွက်ရဲ့ပထဝီအနေအထားလိုအပ်ချက်ကြောင့် ဈေးကောင်းမရဘူး။ ဝမ်တိန်ဈေးကွက်ကိုပဲ မျှော်လင့်ရတာပေါ့” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။
စိန်တစ်လုံးသရက်သီးသည် ပြည်တွင်းဈေးကွက်၌ တစ်ခြင်း ၅၀,၀၀၀ ကျပ်၊ ၆၀,၀၀၀ ကျပ်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စိန်တစ်လုံးသရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း၊ တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။
ယခင်က စိန်တစ်လုံးသရက်သီးတင်ပို့ခြင်းကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြစ်ပြီး ဧပြီလကုန်ပိုင်းမှစတင်ကာ တင်ပို့နေခြင်းဖြစ်သည်။
ပြည်တွင်းမှထွက်ရှိသည့် သရက်သီး ၇ဝ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့ကြောင်း သိရသည်။ စိန်တစ်လုံးသရက်သီးအပြင် ရွှေဟင်္သာ၊ ရင်ကွဲစသည့်အမျိုးအစားများလည်း တင်ပို့လေ့ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရှိရသည်။
#စုစု
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
စိန်တစ်လုံးသရက်သီးများ ဈေးကောင်းမရဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်