စားအုန်းဆီ ရည်ညွှန်းဈေးမြင့်၍ လက္ကားဈေးကွက်အတွင်း တစ်ပိဿာ ၉၂၀၀ ကျပ်အထိ မြင့်တက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ပြီးခဲ့သည့်တစ်ပတ်တွင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စားအုန်းဆီလက္ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို ၄၆၉၀ ကျပ်ဖြစ်ပြီး၊ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းဈေးမှာ ၄၉၉၀ ကျပ်ဖြစ်သဖြင့် တစ်ပိဿာ ၃၀၀ ကျပ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က စားအုန်းဆီလက္ကားဈေးက တစ်ပိဿာကို ၇၆၀၀ နောက်ဆုံးဈေးဖွင့်ထားတယ်။ ဒီနေ့တော့ အဲဒီဈေးမရတော့ဘူး။ တစ်ပိဿာကို ၉၂၀၀ ဖြစ်သွားတယ်။ တစ်ပိဿာကို ၁၆၀၀ လောက်တက်သွားတယ်။ စားအုန်းဆီကို စီမံခန့်ခွဲနေတဲ့သူတွေက ဈေးကွက်ထဲကို လုံလောက်တဲ့ ဆီပမာဏကို မသွင်းနိုင်တာလား။ ပို့ကုန်/သွင်းကုန်သမားတွေအတွက် လိုအပ်တဲ့ဒေါ်လာ ဝယ်လို့မရတာလား။ အပြင်ကဆီဝယ်သုံးရင် အဖမ်းခံရဦးမယ်။ ဆီခွဲတမ်းနဲ့ရောင်းပေးတာကိုက ခွဲတမ်းမပြည့်တော့ ဆီဈေးက ကျဖို့မရှိဘူး။ တက်ဖို့ဘဲရှိတယ်။” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက္ကားရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာကို ၄၉၉၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ထားကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

စားအုန်းဆီ ရည်ညွှန်းဈေးမြင့်၍ လက္ကားဈေးကွက်အတွင်း တစ်ပိဿာ ၉၂၀၀ ကျပ်အထိ မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.