ရန်ကုန်၊ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၇၀ ရည်ညွှန်းစျေးဖြင့်သာ ရောင်းချရန်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ ကျပ် ၇၅၀၀ ဖြစ်နေကြောင်း သိရသည်။
အဆိုပါ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရက်သတ္တပတ် စားအုန်းဆီရည်ညွှန်ဈေး ကျပ် ၅၂၇၀ ကျပ်ဟု မေ ၂၇ ရက်မှ ဇွန်လ ၂ ရက်အ ထိဟု သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ ရည်ညွှန်းစျေးကတော့ ၅၂၇၀ ကျပ်သတ်မှတ်တယ်ဆိုပေမယ့် စျေးကွက်အတွင်းမှာ တစ်ပိဿာ ၇၅၀၀ ကျပ်ဖြစ်နေတယ်။ စာအုန်းဆီတင်သွင်းငိုလှောင်ဖြန့်ဖြူးရေးအရောင်းဆိုင်ကျတော့ လူတစ်ဦးတစ်ပိဿာ ၅၅၀၀ ကျပ်သတ်မှတ်ပြီး၊ ကုန်မာပစ္စည်းအနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုးဝယ်ယူရတယ်။ ဥပမာ အာလူး၊ ကြက်သွန်၊ အချိုမှုန့်၊ ဆားအစရှိတဲ့ ကုန်မာပစ္စည်းကို ၁၀,၀၀၀ ကျပ်ဖိုးမပြည့်ရင် စာအုန်းဆီ ၅၀ ကျပ်သားပဲပေးတယ်။ စာအုန်းဆီပဲ သီးသန့်မရောင်းပါဘူး။” ဟု သန်လျင်မြို့နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းက တရားအသိအမှတ်ပြုထားတဲ့ဆိုင်တွေက စျေးတင်ရောင်းတယ်ဆိုရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ပါမယ်။ မိမိတို့နေရပ်၊ မြို့နယ်၊ ဆိုင်အမည်နဲ့တကွ တိုင်ကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။” ဟု စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
စားအုန်းဆီ ပြင်ပပေါက်ဈေးများ မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်