ရန်ကုန်၊ သြဂုတ် ၁၈
ဈေးကွက်အတွင်း စားအုန်းဆီပြတ်လပ်နေ၍ ဈေးများအဆမတန်မြင့်တက်နေပြီး လက်ကားဈေး၌ပင် စားအုန်းဆီတစ်ပိဿာ ၉၉၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း ကုန်သည် များထံမှ သိရသည်။
သြဂုတ်လ ဒုတိယပတ်မှစတင်ကာ စားအုန်းဆီများမှာ ဈေးကွက်အတွင်း ပြတ်လပ်ခဲ့ပြီး ပြန်လည်ရောင်းချနိုင်ရန် လိုက်လံဝယ်ယူရာ၌ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ အပြင်မှာ ဆီကမရှိသလောက်ဖြစ်နေတယ် သင်္ဘောကလည်းဝင်မယ်ဆိုပြီး မဝင်ဘူးဖြစ်နေတယ်။ ငွေဈေးတွေကလည်းတက်တယ်။ ဝယ်ကတာလည်းမလွယ်ဘူး။ ရောင်းတာ လည်း မလွယ်ဘူး။ အဲ့လိုဖြစ်နေတယ်။ လက်ကားဈေးတောင် ၉၉၀၀၊ ၉၈၀၀ ရှိတယ်။ ပစ္စည်းကမရှိသလောက်ရှားတယ်။ ရပြန်တော့လည်း လိုသလောက်မရဘူး အဆင့်ဆင့်ဝယ် နေရတယ်။” ဟု ညောင်ပင်လေးဈေးမှ ဆီကုန်သည်တစ်ဦးက ပြောသည်။
စားအုန်းဆီဈေးမှာ ပြင်ပလက်လီဈေးကွက်၌ တစ်ပိဿာ တစ်သောင်း နှစ်ထောင်၊ တစ်သောင်း သုံးထောင်ကျပ်အထိရောင်းချနေကြပြီး ထိုသို့ဈေးမြင့်တက်နေခြင်းမှာ အဆင့်ဆင့် ဝယ်ယူရသည့် လက်ကားဈေးများကြောင့်ဖြစ်ကြောင်း ဆီကုန်သည်များထံမှ သိရသည်။
“ အဆင့်ဆင့်ဝယ်ရတော့ ဈေးကအတက်ပိုများတာပေါ့၊ တိုက်ရိုက်ရတဲ့အခါ ဥပမာ – ၁၀၀၀ နဲ့ရရင်တောင် ၁၁၀၀၊ ၁၂၀၀ ရောင်းလို့ရတာပေါ့၊ အခုကုမ္ပဏီကနေ အဆင့်ဆင့်ပြန်ဝယ် ရတော့ ၉၉၀၀ ကျပ်နဲ့တောင် ပြန်ဝယ်ရတယ်။ ကုမ္ပဏီကဖြတ်တဲ့ဈေးကို အတိအကျမသိရဘူး။ ကုမ္ပဏီတွေကလည်း တစ်ခုနဲ့တစ်ခုက မတူဘူး ဆီကလည်းမလှိုင်ဘူး ဝယ်လိုအား ကများနေတယ်” ဟု စားအုန်းဆီရောင်းချသူတစ်ဦးက ပြောသည်။
စားအုန်းဆီဈေးကွက်၏ အခြေအနေမှာ ဆက်လက်မြင့်တက်နေနိုင်ပြီး ပြင်ပငွေဈေးများမှာလည်း အဆမတန်မြင့်တက်နေခြင်းကြောင့် ထပ်မံဝယ်ယူနိုင်ရန် ကုမ္ပဏီများ၌လည်း အခက်အခဲရှိနေကြောင်း သိရသည်။
စားသုံးဆီဈေးကွက်အတွင်း စားအုန်းဆီတစ်မျိုးတည်း ဈေးနှုန်းမြင့်တက်နေခြင်းမဟုတ်ဘဲ ယိုးဒယားလိုင်းမှ ဝင်ရောက်လာသည့် စားသုံးဆီအားလုံး ဈေးနှုန်းများမြင့်တက်လျက်ရှိ နေကြောင်း စားသုံးဆီဖြန်ဖြူးရောင်းချသူများထံမှ သိရသည်။
သတင်း၊ ဓာတ်ပုံ – ဂျူဂျူး
#ယနေ့ခေတ်
စားအုန်းဆီပြတ်နေ၍ ဈေးအဆမတန်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်