ရန်ကုန်၊ ဩဂုတ် ၂၈
စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ရန်ကုန်မြို့အတွင်းရှိ စားသုံးဆီရောင်းချသည့် ဆိုင်အသီးသီးကို စားအုန်းဆီ တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဈေးကွက်အတွင်း စားအုန်းဆီဈေးများ လွန်စွာမြင့်တက်လျှက်ရှိသဖြင့် စားအုန်းဆီတင်သွင်းရာတွင် ကျသင့်သည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးထားပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ၂၉၂၀ ကျပ်ဖြင့် ရောင်းချပေးထားကြောင်း၊ သို့ဖြစ်၍ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများသည် ဘုရင့် နောင်၊ ညောင်ပင်လေးဈေးနှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးဆီအရောင်းဆိုင်အသီးသီးသို့ သတ်မှတ်ထားသည့် လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချပေးရန် အသင်းအနေဖြင့် စီစဉ် ရခြင်းဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီအသီးသီးက ဈေးကွက်ထဲမှာ ဝယ်ယူဖို့ခက်ခဲနေတဲ့ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနဲ့ ရန်ကုန်မြို့ထဲက လက်လီလက်ကားဆီဆိုင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ယနေ့မှစပြီး လက်ကားရည်ညွှန်းဈေးနဲ့ ရောင်းချပေးရမယ်။ စားသုံးဆီအများပိုင်ကုမ္ပဏီက လက်ကျန်ရှိတဲ့ စားအုန်းဆီတန်ချိန် ၄၇၁ တန်၊ ပေပါအားဖြင့် ၂၆၂၂ ပေပါ၊ ပိဿာအား ဖြင့် ၂၈၈,၄၃၅ ပိဿာကို လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချပေးသွားမယ်” ဟု အသင်းဥက္ကဌကပြောသည်။
ဆီကုမ္ပဏီများမှ လက်လီလက်ကား ကုန်သည်များသို့ လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည့်အစီအစဉ်မှာ လက်လီလက်ကား ကုန်သည်များက ဝယ်ယူရရှိသည့်ဆီကို အထွေထွေကုန်ကျစရိတ်နှင့် အသားတင်အမြတ်ငွေ ၂ ရာခိုင်နှုန်းဖြင့်သာ ပေါင်းစပ်၍ ပြန်ရောင်းရမည်ဖြစ်ကြောင်း၊ ယနေ့မှစ၍ ၃ ရက်တာအတွင်း ဆီတန်ချိန် ၃၂၆၃ ဒဿမ ၄ တန်ကို ဆီကုမ္ပဏီများက လက်လီလက်ကား ကုန်သည်များသို့ လက်ကားရည်ညွှန်းဈေးအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ပြည်တွင်းသို့ စားအုန်းဆီ အများဆုံးတင်သွင်းခွင့်ရသည့် Six Winner Brother Co;ltd ကုမ္ပဏီက ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ရောင်းချပေးသည့် အစီ အစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ၎င်းတို့၏အစီအစဉ်ဖြင့် ကုမ္ပဏီ၏လက်ကျန်ဆီတန်ချိန် ၃၃၆၈ ဒဿမ ၅၆၁ တန်ကို အထက်ပါ ကုမ္မဏီများကဲ့သို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – အင်တာနက်
စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ရန်ကုန်မြို့ရှိ စားသုံးဆီရောင်းချသည့် ဆိုင်အသီးသီးကို စားအုန်းဆီ တိုက်ရိုက်ရောင်းချပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်