စားသောက်ကုန်ပစ္စည်းများ ဝယ်လိုအားကျဆင်းနေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရန်ကုန်မြို့တွင် ဆန်အပါအဝင် အခြားသောအခြေခံစားသောက်ကုန်များရောင်းချသည့် ကုန်စုံဆိုင်များနှင့် ကုန်စိမ်းဆိုင်များ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း အရပ်ရပ်ကုန်စျေးနှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခဲ့ရာ တနိုင်တပိုင်စျေးရောင်းချသူများ ပိုမိုများပြားလာခြင်းကြောင့် ဈေး ကွက်ဝေစုမျှခြေဖြစ်လာကာ လက်လီဆိုင်များမှာ အရောင်းအဝယ်ကျဆင်းလာကြောင်း ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်မှ လက်လီ၊ လက်ကားဆန်ရောင်းချသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဆန်ဆိုင်ဆို ဒီစျေးမှာအရောင်းရဆုံးပဲ။ စျေးတွေကလည်း လူအများစားလို့ရအောင် ရောင်းချထားတယ်။ ဒါတောင် ပြီးခဲ့တဲ့လနဲ့ ဒီရက်ထဲအရောင်းပါးတာ သိသာတယ်။ လက်လီဆို သိပ်မရောင်းရတော့ဘူး။ လူတွေလည်း ကုန်စျေးနှုန်းတွေက မကျတဲ့အပြင် သူတို့ရတဲ့လုပ်အားခနဲ့ တွက်ချက်ဝယ်နေရတော့ အမြဲတမ်းလည်းဝယ်ဖို့ဆိုတာ အဆင်မ ပြေဘူးလေ။ ထမင်းစားဖို့က တစ်မျိုးထဲနဲ့မရတာကြောင့်လည်းပါတယ်။” ဟု အထက်ပါဆန်ဆိုင်မှ အမျိုးသားက ယနေ့ခေတ်သို့ ပြောသည်။

ကုန်စိမ်းအချို့ စျေးပြန်လည်ကျဆင်းသော်လည်း စျေးကွက်အတွင်း ဝယ်လိုအားနည်းပြီး အမြတ်မရသဖြင့် အရင်းပါစိုက်ထုတ်နေရကြောင်း ကုန်စိမ်းရောင်းသူအမျိုးသမီးက ပြော သည်။

“ဒီနေ့ဆို သုံးသောင်းဖိုးပဲရောင်းရတယ်။ ဒီနေ့ကုန်ချိန်လာတာတင် အရင်းကြီးပဲ နှစ်သိန်းဖိုးရှိတယ်။ မြတ်တာကလည်း တစ်မျိုးမှ ငါးဆယ်၊ တစ်ရာ၊ နှစ်ရာသာမြတ်တဲ့ဟာတွေပါ။ ဒါတောင် စျေးကောက်မပေးရလို့။ စျေးလမ်းမဘေးရောင်းတဲ့သူဆိုရင် စျေးကောက်က တစ်နေ့နှစ်ထောင်ပေးရတယ်။ သူတို့တွေလည်း လှုပ်လှုပ်ပဲရောင်းနေရတာပဲ။ ဘာဖြစ်လို့လဲတော့မသိဘူး အရောင်းပါးချက်ကတော့။” ဟု ကုန်စိမ်းရောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ဝက်သားတစ်ပိဿာ ၃၅,၀၀၀ မှ ၃၀,၀၀၀ ကျပ်စျေးသို့ ကျဆင်းလာသော်လည်း စားသုံးသူနည်းပါနေကြောင်း၊ စျေးကွက်အတွင်း အာလူးစျေးနှင့် ကြက်သွန်စျေးများ အနည်းငယ်ကျဆင်းလာသော်လည်း ဝယ်ယူစားသုံးသူနည်းနေခြင်းကြောင့် တစ်နေ့လျှင်ပျမ်းမျှ အာလူးနှစ်ပိဿာနှင့် သုံးပိဿာလောက်သာ ရောင်းချနေရကြောင်း လက်လီဈေးကွက်အတွင်းမှ သိရသည်။

“ဒီနေ့လည်း မနက် ၆ နာရီကနေ ဆိုင်ဖွင့်တယ်။ ၁၁ နာရီအထိရောင်းတာ ငါးသောင်းမပြည့်ဘူး။ ငုတ်တုတ်ပဲ။ ဒါတောင် အာလူးစျေးကကျလို့ နို့မို့ဆိုရောင်းမကောင်းလို့ ရေစိမ်ဖြစ်တာတွေရှိသေးတယ်။ ကြက်သွန်လည်း ဒီလိုပါပဲ။ နေ့စဉ်းသုံးနေရတဲအရာတွေလောက်ပဲ မျှတအောင်ရောင်းရတာ။” ဟု ကုန်ခြောက်ရောင်သူတစ်ဦးက ပြောသည်။

နေ့စဉ်ရောင်းချနေရသည့် အခြေခံစာသောက်ကုန်များသည် လကုန်သည့်အချိန်နှင့် လဆန်းရက်များသာ ရောင်းအားကောင်းကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ချစ်ချစ်ခိုင်
#ယနေ့ခေတ်

စားသောက်ကုန်ပစ္စည်းများ ဝယ်လိုအားကျဆင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.