စသုံးလုံး ညွှန်ချုပ်နေရာ အပြောင်းအလဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာန၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၏နေရာသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား စစ်ဘက်အရာရှိ တစ်ဦးအား ပြောင်းရွေ့ခန့်အပ်ကြောင်း နစက, က နိုင်ငံပိုင်မီဒီယာမှ ယနေ့သတင်းထုတ်ပြန်သည်။

စသုံးလုံး ညွှန်ချုပ်ဖြစ်သူ ဦးမောင်မောင်ကျော်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်အပ်လိုက်ပြီး ၎င်း၏နေရာအား ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား စစ်ဘက်အရာရှိ ဦးအောင်ဇော်လင်းကို ပြောင်းလဲခန့်အပ်လိုက်သည်ဟု သိရသည်။

စသုံးလုံး ညွှန်ချုပ်ရာထူးမှ ပြောင်းရွေ့ခံရသူ ဦးမောင်မောင်ကျော်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း စစ်ဘက်အရာရှိဟောင်းတစ်ဦးဖြစ်ကာ စသုံးလုံးတွင် ဆယ်စုနှစ်တစ်စု ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့က ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။

၎င်းသည် နအဖ အစိုးရလက်ထက်က အတွင်းရေးမှူး(၂)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ သားမက်တော်စပ်သူလည်းဖြစ်သည်။ ဦးမောင်မောင် ကျော်၏နေရာအား ပြောင်းလဲခန့်အပ်ခံရသူ ဦးအောင်ဇော်လင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား စစ်ဘက်အရာရှိတစ်ဦးဟုသာသိရပြီး ၎င်း၏ကိုယ်ရေးအချက်အလက် များအား မသိရသေးပေ။

“ အဲ့ဒီရာထူးနေရာက များသောအားဖြင့် စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခဲ့သူတွေသာ ခန့်အပ်လေ့တော့ရှိတယ်။ လတ်တလော ကုန်စျေးနှုန်းမြင့်တက်အောင်လုပ်တဲ့ လုပ်ငန်း ရှင်တွေကို စသုံးလုံးက စုံစမ်းစစ်ဆေးမှု အားနည်းနေလို့ဆိုပြီး သူတို့အစိုးရအဖွဲ့ထဲမှာလည်း ပြောဆိုနေသံတွေ ကြားရတော့ အဲ့ဒါတွေကြောင့် အပြောင်းအလဲလုပ်တာဖြစ်နိုင်တယ်။ အခုညွှန်ချုပ်အသစ်ကတော့ ပိုပြီးလက်သံပြောင်လာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစ၍ ပြည်တွင်း၌ ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ စားအုန်းဆီ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ် စျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီးနောက် စျေးကစား သည်ဟုဆိုကာ ဒေါ်လာ၊ ရွှေ၊ စားအုန်းဆီနှင့် မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ငန်းများအား လုပ်ကိုင်နေသည့် ကုန်သည်အချို့အား စသုံးလုံးမှ ခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်။

ထိုသို့ ခေါ်ယူစစ်ဆေးမှုများ ရှိနေသော်လည်း လက်ရှိအချိန်အထိ ကုန်စျေးနှုန်းများ ကျဆင်းမှုမရှိ၍ စျေးကစားသူများအား စုံစမ်းစစ်ဆေးအရေးယူနိုင်မှု အားနည်းလျက်ရှိကြောင်း ပြောဆိုမှုများရှိနေစဉ် စသုံးလုံးညွှန်ချုပ်အား ရာထူးအပြောင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုလပိုင်းများအတွင်း နစက အစိုးရအဖွဲ့၏ အရေးပါသော ဝန်ကြီးဌာ နတစ်ခုဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးအပါဝင် အ ဆင့်မြင့်အရာရှိအချို့အား ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဩဂုတ် ၂ ရက်က နစကအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန(၁)၏ဝန်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ကာ ၎င်း၏နေရာတွင် နစကအဖွဲ့ဝင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ပြောင်းလဲခန့်အပ်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၏နေရာအား ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား စစ်ဘက် အရာရှိ ဦးမျိုးဆွေအား ပြောင်းလဲခန့်အပ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းဖော်ပြချက်အရ သိရသည်။

မောင်ဇော်

ဓါတ်ပုံ – နိုင်ငံပိုင်မီဒီယာ

#ယနေ့ခေတ်

ပုံစာ- စသုံးလုံး ညွှန်ချုပ် ဦးမောင်မောင်ကျော်အား အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။

စသုံးလုံး ညွှန်ချုပ်နေရာ အပြောင်းအလဲပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.