စပိန်နိုင်ငံထုတ် DEMU ရထားများ မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU ရထားများဖြင့် ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်)မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရထားခရီးစဉ်လမ်းကြောင်းများသည် ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု၊ စုစုပေါင်းလမ်းကြောင်း ၁၄ ခုအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ အစက နိုဝင်ဘာလဆန်းပိုင်းမှာ ပြေးဆွဲဖို့လုပ်ထားတာ။ လမ်းပိုင်းအဆင့်မြှင့်တင်မှုကမပြီးသေးတော့ နည်းနည်းလေးကြာသွားတာ။ ဒီရထားသစ်ပေါ်မှာ ဈေးသည်တွေကိုတော့ ရောင်းချခွင့်မပြုဘူး။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ရထားစီးနင်းခအနေဖြင့် ၃၃ ဘူတာရှိ မြို့တပတ်စာကို မြန်မာငွေ ၈၀၀ ကျပ်၊ ၁၅ ဘူတာကို မြန်မာငွေ ၄၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး၊ ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံဘက်သို့ မနက် ၇ နာရီ ၅ မိနစ်မှ စတင်ထွက်ခွာမည်ဖြစ်ကာ အင်းစိန်ဘူတာ လက်ယာရစ်သို့ မနက် ၈ နာရီ ၃၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသည့် ဂျပန်ထုတ် RBE တွဲများကို ရန်ကုန်-လှော်ကားလမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

စပိန်နိုင်ငံထုတ် DEMU ရထားများ မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.