စဉ့်ကူး၌ ကျေးရွာအတွင်း Drop Bomb ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ၍ အသက် ၉၀ အရွယ်အဖွား အပါအဝင် ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာတွင် ယမန်နေ့က Drop Bomb ဗုံး ၃ လုံး ဝေဟင်မှကျရောက်ပေါက်ကွဲခဲ့၍ ကျေးရွာအတွင်းနေထိုင်သူ အသက် ၉၀ အရွယ် အဖွားတစ်ဦး အပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာများရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လည် ၂ နာရီခွဲက စဉ့်ကူးမြို့နယ်ရှိ ရွာသာယာကျေးရွာပေါ်သို့ ဒရုန်း ၂ စင်းလာရောက်ပျံဝဲပြီးနောက် ဒရုန်းတွင်တပ်ဆင်ထားသည့်ဗုံး (Drop Bomb ) ၃ လုံး ပစ်ချခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“သူတို့က ရွာရဲ့အနောက်ဘက် ၅ မိုင်လောက်ကနေ ဒရုန်း၂ စင်းလွှတ်လိုက်တာ၊ ကျေးရွာအပေါ်လည်းရောက်ရော ခန့်မှန်းချေ မီတာ ၈၀၀ လောက်ကနေ ဗုံး ၃ လုံး ပစ်ချလိုက်တယ် ၊ အဲ့ဒီဗုံးတွေက ရွာတောင်ဘက်မှာရှိတဲ့ နွားတင်းကုပ်ထဲပြုတ်ကျပြီး အဖွားအပါအဝင် မိသားစုဝင်တွေကို ထိကုန်တာ။” ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ရှင်းပြသည်။

ဗုံးကျရောက်ပေါက်ကွဲ၍ အသက် ၉၀ အရွယ်အဖွား၌ ဗုံးစထိမှန်ဒဏ်များရရှိခဲ့ပြီး မိသားစုဝင်များဖြစ်သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာလည်း ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် စဉ့်ကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဒရုန်းတွင် ဗုံးတပ်ဆင်ကာ တိုက်ခိုက်မှုကို မည်သည့်ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရပေ။

ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာရှိ လယ်ကွင်းထဲသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ လယ်ကွင်းထဲတွင် မြေဩဇာကြဲနေသည့် လယ်ပိုင်ရှင်အမျိုးသားတစ်ဦး ဗုံးစများထိမှန်ကာ သေဆုံးခဲ့သည်။

တိုက်ပွဲများဖြစ်ပွါးလျက်ရှိသည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းရှိ အချို့နေရာများသို့ နစက,က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသကဲ့သို့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့များကလည်း နည်းပညာမြင့်မားသည့် ဒရုန်းများ၊ လက်လုပ်ဒရုန်းများတွင် ဗုံးတပ်ဆင်ကာ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိရာ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိ ခိုက်သေဆုံးမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း တိုက်ပွဲများဖြစ်ပွားရာ ဒေသများတွင်နေထိုင်သူများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

စဉ့်ကူး၌ ကျေးရွာအတွင်း Drop Bomb ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ၍ အသက် ၉၀ အရွယ်အဖွား အပါအဝင် ၅ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.