ရန်ကုန်၊ ဇန်နဝါရီ ၁၂
ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ပြည်သူစစ်မှုထမ်းဥပဒေ အာဏာတည်စေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၏ ပြဋ္ဌာန်းချက်ထွက်ပေါ်လာပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအကြား စိုးရိမ်မှုရှိလာနေကြောင်း သိရသည်။
“ ဒီဥပဒေပြဌာန်းလိုက်တဲ့အတွက် စိုးရိမ်မှုတွေရှိတာပေါ့။ အခုက ဂျပန်သွားဖို့ပြင်နေတာ။ ပတ်စ်ပို့တွေပိတ်လိုက်မှာလည်း ကြောက်ရတယ်။ အခုဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ လမ်းတွေပျောက်နေပြီ။ ရွေးချယ်စရာမရှိတော့ဘူး ဖြစ်သွားတယ်။” ဟု ဂျပန်နိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့်သူတစ်ဦးက ပြောသည်။
ဥပဒေအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးများကို စစ်မှုထမ်းရန် နှစ်နှစ်ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်၏ အရေးပေါ်အခြေအနေဖြစ်ပါက ငါးနှစ်အထိတိုးမြှင့်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားအုပ်စုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အရပ်သားများ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက်သူ (သို့မဟုတ်) အ တတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ ပါဝင်သည်။
အမျိုးသမီးအုပ်စုတွင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အရပ်သားများ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူ (သို့မဟုတ်) အ တတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများပါဝင်ကြောင်း သိရသည်။
“ ဒီဟာနဲ့ပတ်သက်ပြီး တော်တော်လေးဂယက်ရိုက်ခတ်မှုတွေရှိတာပေါ့။ အလုပ်သမားတွေကလည်း ဒီဟာနဲ့ပတ်သက်ပြီး မေးလာကြတာတွေရှိတယ်။ ကိုယ့်မှာဖြေစရာအဖြေ မရှိဘူးဖြစ်နေတယ်။” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူအားလုံးပါဝင်သော အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးရန် လိုအပ်လာကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ဓာတ်ပုံ – Myanmar Embassy of Soul
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုကြောင့် ပြည်ပထွက်အလုပ်လုပ်ရန် ပြင်ဆင်နေသူများအကြား စိုးရိမ်မှုရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်