ရန်ကုန်၊ နိုဝင်ဘာ ၂၈
တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်အနေဖြင့် စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံနေရသည့်ပြည်သူများကို ငဲ့ညှာသောအားဖြင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် TNLA ကထုတ်ပြန်ခဲ့သည်။
တအာင်းပြည်ဒေသအတွင်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က သဘောထားထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ကောင်းမွန်သည့်ရလဒ်များရရှိရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ စစ်ကြီးပြီးဆုံးချင်တာတော့ အမှန်ပါပဲ။ ဒါက မဖြစ်နိုင်တဲ့မျှော်လင့်ချက်တစ်ခုလိုပါပဲ။ စစ်ဘေးရှောင်တယ်ဆိုတာ မလွယ်ဘူး။ တချို့က ကိုယ်တိုင်မကြုံဘူး၊ မခံစားဘူးတော့ မသိဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက မြို့ကြီးပြကြီး တွေကိုရှောင်ကြတယ်။ မတတ်နိုင်တဲ့သူတွေက အဆင်ပြေသလိုရှောင်ကြရတယ်။ ဒုက္ခပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ စစ်ရှောင်နေကြရတယ်။” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်သည် တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့် အတူတကွတည်ဆောက်ရန် အမြဲတစေကြိုးပမ်းဆောင်ရွက်နေကြောင်း TNLA ၏ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် စစ်ဘေးဒဏ်ခံစားနေရသောပြည်သူများအား ထောက်ထားညှာတာခြင်းနှင့်အတူ ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်အသင့်ရှိနေကြောင်း သဘောထားထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – TNLA
#ယနေ့ခေတ်
စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာသောအားဖြင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်