ပြုံယမ်း၊ ဧပြီ ၁၁
မြောက်ကိုရီးယားနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် ပထဝီနိုင်ငံရေးအခြေနေများ မတည်ငြိမ်ခြင်းကြောင့် လက်ရှိအချိန်တွင် စစ်ပွဲအတွက် ယခင်ထက်ပိုမိုပြင်ဆင်ထားရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံတွင် ကင်ဂျုံအမ်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ်များအတွင်း ခေတ်မီလက်နက်များ ပိုမိုပိုင်ဆိုင်နိုင်ရန် အရှိန်မြင့်ကြိုးပမ်းလာခဲ့ပြီး နိုင်ငံ၏ စစ်လက်နက်ပစ္စည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကထားလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များနှင့်ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်လည်း တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ရကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်က “ ရန်သူတွေဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးနည်းလမ်းအရ ထိပ်တိုက်တွေ့ဆုံဖို့ ရွေးချယ်လာမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံကလည်း ရန်သူတွေကို သည်းခံညှာတာမှုမရှိဘဲ အထိနာအောင်လုပ်ဆောင်သွားမယ်။ လက်ရှိအချိန်မှာ ကမ္ဘာနိုင်ငံရေးအခြေတွေက ရှုပ်ထွေးနေတယ်။ မြောက်ကိုရီးယားနိုင်ငံ ဝန်းကျင်နားမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ရေးမတည်ငြိမ်မှုတွေဖြစ်လာနေတယ်။ လက်ရှိအချိန်မှာ မြောက်ကိုရီးယားဟာ အရာရာတိုင်းကို အရင်ထက်ပိုမိုပြင်ဆင်ထားရမယ်။” ဟုပြောသည်။
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ပြီး မြောက်ကိုရီးယားနိုင်ငံကို ရန်စတာတွေလုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောဆိုထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံကို အဓိကရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ပြောဆိုထားပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများပိုမိုဖြစ်လာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com/asia
စစ်ပွဲအတွက် ယခင်ထက်ပိုမိုပြင်ဆင်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်