ပါရီ၊ ဧပြီ ၁၂
ပြင်သစ်ရေတပ်အနေဖြင့် လက်ရှိအချိန်တွင် စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်နေကြောင်း ပြင်သစ်ရေတပ်ဗိုလ်ချုပ်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြင်သစ်ရေတပ်ဖွဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်သော Jacques Mallard က ပြင်သစ်နိုင်ငံကို ဖျက်ဆီးရန်လိုလားနေသော ရန်သူများကို ရင်ဆိုင်နိုင်ရန် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေကြောင်း ပြောသည်။
၎င်းသည် ပြင်သစ် နျူကလီးယားစွမ်းအင်သုံး Charles de Gaulle အပြင် လေယာဉ်သင်္ဘောများကိုလည်း ပြင်ဆင်လေ့ကျင့်နေကြောင်း ပြောသည်။
၎င်းက “ ကမ္ဘာကြီးဟာ ခြိမ်းခြောက်မှုတွေ တဖြည်းဖြည်းတိုးလာနေတယ်လို့ ခံစားမိတယ်။ ရေတပ်တိုက်ပွဲတွေ တိုးမြှင့်လုပ်ဆောင်ရဖွယ်ရှိနေတယ်။ ပြင်သစ်ရေတပ်တပ်ဖွဲ့ဝင်တွေဟာ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးဖို့လိုလားနေတဲ့ရန်သူကို ဆန့်ကျင့်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ လက်တွေ့စစ်ရေးလေ့ကျင့်နေတာဖြစ်တယ်။” ဟု ပြောသည်။
ရုရှားနိုင်ငံသည် ပင်လယ်နက်တွင် ရေတပ်များပိုမိုလှုပ်ရှားလာခဲ့သလို အစ္စရေးနှင့်ဆက်နွယ်ပြီး ယီမင်လက်နက်ကိုင်အုပ်စုများကလည်း ပင်လယ်နီတွင် ရေတပ်လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။
ပြင်သစ်နှင့် ရုရှားနိုင်ငံကြားတွင်လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ၊ တင်းမာမှုများ မကြာသေးမီက ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ရုရှားက ပြင်သစ်သည် ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်ဆိုလျှင် ပြင်သစ်နိုင်ငံ ဖျက်ဆီးခံရမည်ဟု မကြာသေးမီက သတိပေးခဲ့သည်။
ပြင်သစ်ရေတပ်ဗိုလ်ချုပ်က “ ရုရှားရဲ့ပြောဆိုချက်တွေဟာ ရန်လိုမှုတွေပါဝင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အနည်းဆုံးတော့ ကြိုတင်ပြင်ဆင်ထားရမယ်။” ဟု ပြောသည်။
လက်ရှိအချိန်တွင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများ၊ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်ပြီးတရုတ်နိုင်ငံနှင့် အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများကြား တင်းမာမှုများ၊ ပြိုင်ဆိုင်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
politico.eu/article
စစ်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြင်သစ်ရေတပ်ဗိုလ်ချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်