ဆိုးလ်၊ မတ် ၁၄
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြား စစ်ပွဲဖြစ်လာမည်ဆိုလျှင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်များကို အလျင်မြန်သုတ်သင်နိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ယွန်ဆစ်က တောင်ကိုရီးယား စစ်ဘက်ရေးရာ အထူးကွန်မန်ဒိုအဖွဲ့အနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင်ကို သုတ်သင်နိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ” မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ စစ်ပွဲကိုစတင်လာမယ်ဆိုရင်တော့ တောင်ကိုရီးယား အထူးစစ်တပ်တွေဟာ ကမ္ဘာအတောင့်တင်းဆုံး အထူးစစ်ဆင်ရေးတွေကို လုပ်ဆောင်ရမယ်။ ရန်သူခေါင်းဆောင်တွေကို သုတ်သင်ရမယ်။” ဟု ပြောသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ပြီးခဲ့သောနှစ်ပိုင်းတွင် ဆက်ဆံရေးတင်းမာလာခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယားခေါင်း ဆောင်က တောင်ကိုရီးယားကို အဓိကရန်သူနိုင်ငံအဖြစ် သတ်မှတ်ပြောဆိုခဲ့သလို၊ စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားရန် မြောက်ကိုရီးယားစစ်သားများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်များကို မကြာခဏစမ်းသပ်ပစ်လွှတ်ခဲ့သလို၊ တောင်ကိုရီးယားကလည်း အမေရိကန်နိုင်ငံနှင့် ပူးပေါင်းပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို မကြာခဏလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးသည် ကိုရီးယားကျွန်းဆွယ်စစ်ပွဲပြီးနောက် နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်နေခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအထူးစစ်တပ်ကလည်း မြောက်ကိုရီးယားနိုင်ငံ၏ အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင် ဖြစ်လာနိုင်ဖွယ်ရှိနေသည့် ရန်စမှုအားလုံးကို တုံ့ပြန်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း ပြောသည်။
တောင်ကိုရီးယားစစ်တပ်က “ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုအားလုံးကို အဆုံးအထိ တုံ့ပြန်အပြစ်ပေးမှာဖြစ်တယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
azerbaycan24.com
စစ်ပွဲဖြစ်လာမည်ဆိုလျှင် မြောက်ကိုရီးယားခေါင်းဆောင်ကို အလျင်မြန်သုတ်သင်မည်ဟု တောင်ကိုရီးယားစစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်