ကိဗ်၊ ဇွန် ၂၅
ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေချိန်တွင် စစ်ရေးရည်မှန်းချက်များနှင့်ရလဒ်များကို စိတ်ပျက်လာခဲ့ပြီးနောက် ယူကရိန်းစစ်ဘက်ထိပ်တန်းအရာရှိကြီးတစ်ဦးကို ရာထူးမှထပ်မံထုတ်ပယ်လိုက်ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် ယူကရိန်းစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Yury Sodol ဆိုသူကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းပူးတွဲစစ်ဦးစီးချုပ်၏ အရည်ချင်းမရှိခြင်းကြောင့် ယူကရိန်းစစ်သားများသည် ရုရှားစစ်သားများထက် ပိုမိုသေဆုံးနေရကြောင်း မကြာသေးမီက ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်သည်။
သမ္မတဇီလန်စကီးသည် ယူကရိန်းစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ် ရာထူးမှထုတ်ပယ်ရသောအကြောင်းအရင်းကို အသေးစိတ်ဖော်ပြခြင်းမရှိကြောင်း သိရသည်။
ဇီလန်စကီးက ယူကရိန်းပူးတွဲစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Yury Sodol နေရာတွင် ယူကရိန်းဗိုလ်မှူးချုပ်တစ်ဦးဖြစ်သူ အန်ဒရီ ဟာနာတော့ဗ်ကို အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရာထူးမှထုတ်ပယ်ခံရသော ယူကရိန်းဒုတိယဗိုလ်ချုပ်ကြီးသည် ယူကရိန်းကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုများတွင် အဓိကတာဝန်ယူကြီးကြပ်ရသူဖြစ်ကြောင်း သိရသည်။
ယူကရိန်း Azov Brigade တပ်မ၏ တပ်မှူးတစ်ဦးဖြစ်သော ဗိုလ်မှူးချုပ် Bogdan Krotevich သည် ယူကရိန်းဒုတိယဗိုလ်ချုပ်ကြီး၏ အရည်အချင်းပျက်ယွင်းမှုများအပေါ် စုံစမ်းစစ် ဆေးမှုများပြုလုပ်ပေးရန် (SBI) အဖွဲ့ကို တိုင်တန်းခဲ့ဖူးကြောင်း သိရသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲကအချိန် ၃ နှစ်အတွင်း ရောက်ရှိလာချိန်တွင် ယူကရိန်းသမ္မတသည် မျှော်လင့်သလောက် ရလဒ်များမကောင်းသည့်အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးများအပါအဝင် ယူကရိန်းထိပ်တန်းစစ်ဦးစီးချုပ်များကို ရာထူးမှထုတ်ပယ်ခြင်းများ မကြာခဏလုပ်ဆောင်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
bignewsnetwork.com/news
စစ်ပွဲတွင်ရလဒ်မကောင်းသည့်အတွက် ယူကရိန်းပူးတွဲစစ်ဦးစီးချုပ်တစ်ဦးကို သမ္မတဇီလန်စကီး ရာထူးမှထုတ်ပယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်