ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်၀န်ချုပ်ရုံး၏ ဝန်ထမ်းများကို ရန်ကုန်မြို့သို့ ဒီဇင်ဘာ ၂၀ ရက်က ရွှေ့ပြောင်းခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေအရ ရန်ကုန်မြို့သို့ ခေတ္တရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က သတင်းမီဒီယာများကိုပြောကြားခဲ့ကြောင်း သိရသည်။
“ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံဟာ စိုးရိမ်ပူပန်ရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နှစ်ဖက်ထိတွေ့မှုအခြေအနေများကို အိန္ဒိယက အနီးကပ်စောင့်ကြည့်နေပြီး စစ်တွေမြို့က ကောင်စစ်ဝန်ရုံးရဲ့၀န်ထမ်းများကို ရန်ကုန်မြို့ကို ခေတ္တနေရာရွှေ့ပြောင်းပြီး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က သတင်းစာရှင်း လင်းပွဲတွင် အိန္ဒိယသတင်းမီဒီယာများကို ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာသည် အိန္ဒိယနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အိန္ဒိယအနေဖြင့် မြန်မာ နိုင်ငံ၌ နှစ်ဖက်ထိတွေ့မှုများအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်သည် တသမတ်တည်းရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးနှင့် တိုင်းရင်းသားများ၏ ပြဿနာရပ်များကို ငြိမ်းချမ်းစွာဖြေရှင်းရန် အိန္ဒိယကတောင်းဆိုကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
business-standard.com
စစ်တွေမြို့အခြေစိုက် အိန္ဒိယကောင်စစ်၀န်ချုပ်ရုံးဝန်ထမ်းများ ရန်ကုန်မြို့သို့ ရွှေ့ပြောင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်