စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ရောက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေလညွန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက်တွင် အသိပေးထားသည်။

ယနေ့နံနက် ၆ နာရီခွဲတွင် မိုး/ဇလ၏ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့် တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်ကြောင်း အသိပေးထားသည်။

စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသော်လည်း ယနေ့နံနက်ပိုင်းအထိ ရေကြီးရေလျှံ ခြင်းတော့ မဖြစ်ပေါ်သေးကြောင်း တောင်ငူမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

“ ဒီမနက်အထိတော့ ရေနစ်မြှုပ်တာ မရှိသေးဘူး။ မြစ်ထဲမှာတော့ ရေက သိသိသာသာကိုမြင့်တက်နေတာ။ သတိနဲ့တော့ နေ,နေရတာပေါ့။ မိုးမရွာတာလည်း ကံကောင်းတယ် ပြောရမယ်။ မိုးရွာရင်တော့ မလွယ်ဘူး။” ဟု အဆိုပါဒေသခံက ပြောကြားသည်။

စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသော်လည်း ရေကြီးရေလျှံမှု ဖြစ်နိုင်သည်အထိတော့ ဖြစ်ပွားနိုင်ဖွယ် မရှိကြောင်း၊ သို့ရာတွင် သတိပြုနေထိုင်ရန်တော့လိုအပ်ကြောင်း တောင်ငူမြို့နယ်၊ မိုး/ဇလ ဦးစီးမှူးက ပြောကြားသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခြင်းဖြစ်နိုင်ကြောင်း၊ ယခုရက်ပိုင်း၌ မိုးရွာသွန်းမှုနည်းပါးလာကြောင်း တောင်ငူမြို့ခံတစ်ဦး က ပြောကြားသည်။

ထို့ပြင် တောင်ငူမြို့၌ ယခုနှစ်ပိုင်းများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခြင်းမရှိခဲ့ပဲ ယခုကဲ့သို့ စစ်တောင်းမြစ်ရေ မြင့်တက်မှုလည်းမရှိကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောပြ သည်။

သို့ရာတွင် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုး/ဇလမှ အကြုံပြုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်း (အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ) ပဲ ခူးမြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးတစ်မြို့လုံးနှင့် အနီးဝန်းကျင်ဒေသများတွင် ဆိုးရွားစွာရေနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ကာ ဒေသခံ သုံးသောင်းခန့်မှာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည်။ ယနေ့ အထိလည်း ပဲခူးမြို့နယ်ရှိ အချို့နေရာများတွင် ရေများဆက်လက်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇော်

ဓာတ်ပုံ – မိုး/ဇလ ၊ မီးသတ်တပ်ဖွဲ့

ပုံစာ – စစ်တောင်းမြစ်၏ မြစ်ရေမြင့်တက်မှု အခြေအနေ၊ ပဲခူး၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်။

#ယနေ့ခေတ်

စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ရောက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.