စစ်ကိုင်း၊ မေ ၁၈
စစ်ကိုင်းတိုင်းတွင် ယခုနှစ်ပဲတီစိမ်းစိုက်ပျိုးသည့်ရာသီတွင် အထွက်နှုန်းသိသိသာသာကျဆင်းနေမှုကြောင့် ပဲစိုက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းတွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသောပဲများ ရိတ်သိမ်းနေသောအချိန် ပဲတီစိမ်းစိုက်ခင်းတစ်ဧကကို ၇ တင်းသာထွက်ခြင်းကြောင့် စိုက်ပျိုး သည့်ကျစရိတ်မရသည့်အပြင် အရှုံးနှင့်ပါကြုံနေရကြောင်း ဘုတလင်မြို့နယ်က ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ ပဲတီစိမ်းက တစ်ဧကအတွက် စိုက်ပျိုးစရိတ်အနေနဲ့ ငွေကျပ် ၅ သိန်းနဲ့အထက် ကုန်ကျစရိတ်ရှိတယ်။ ဒီတော့ အခုဈေးနဲ့ဆိုရင် ၁ ဧက ၁၂ တင်း ဒါမှမဟုတ် ၁၃ တင်းကျော်ကျော်လောက်ထွက်မှ အရင်းပဲရတယ်။ အဲ့ဒါ အခုဈေးကောင်းလို့ရတာ။ ဒါပေမယ့်တစ်ဧကကို ၅ တင်းပဲထွက်တဲ့လယ်ရှိတယ်။ ဒါ့ကြောင့် အခုရှုံးနေပြီ။ ဒီနှစ်အရှုံးအရမ်းများနေပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

စစ်ကိုင်းတိုင်းတွင် ယခုနှစ်ပဲတီစိမ်းစိုက်ခင်းများအများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက်ပျက်စီးခြင်း၊ အစားထိုးပြန်စိုက်ရန် ငွေကြေးမတတ်နိုင်ခြင်း၊ ပဲပင်များပေါက်ပြီးမှအပင်များသေကုန်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်နေသဖြင့် အပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့် ပဲတီစိမ်းများအထွက်နှုန်း သိသိသာသာကျနေခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
“ ဒီနှစ်အတော်လေးရှုံးတယ်၊ တစ်ဧကကို သုံးသိန်းကျော်ကျော်ရှုံးတယ်။ ဘယ်လွယ်မလည် ၁၀ ဧကရှိတဲ့သူက သိန်း ၃၀ ကျော်ကျော်ရှုံးနေပြီ။ အခုနှစ် အလုပ်သမားခကတွေက လည်း အရင်ထက် တော်တော်တက်လာတယ်။ အခုနှစ်ပိုးသတ်ဆေးဈေးတွေကလည်းကြီးတော့ လူတိုင်းဆေးတအားမသုံးနိုင်ကြဘူး။ အရင်နှစ်ထက် တော်တော်ရှုံးနေတယ်။” ဟု အထက်ပါတောင်သူက ဆက်ပြောသည်။
စစ်ကိုင်းတွင် ပဲစိုက်ပျိုးရာသီတွင် စိုက်ခင်းတစ်ဧကအတွက် ကုန်ကျစရိတ်အနေဖြင့် စက်မောင်းခ ငွေကျပ် ၁၁၀,၀၀၀၊ ပဲမျိုးစေ့ဖိုး ငွေကျပ် ၁၇၀,၀၀၀၊ သွင်းအားစုကုန်ကျစရိတ်ဖိုး ငွေကျပ် ၉၀,၀၀၀၊ ရေတင်ခဖိုး ငွေကျပ် ၁၃၀,၀၀၀၊ ပဲနုတ်ခဖိုး ငွေကျပ် ၇၅,၀၀၀၊ ပဲစက်ချွေခ ငွေကျပ် ၇၀,၀၀၀ ကုန်ကျခဲ့သည်ဟု ဒေသခံတောင်သူများက ဆိုသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
စစ်တိုင်းတိုင်းတွင် ပဲတီစိမ်းအထွက်နှုန်း ကျဆင်းနေသဖြင့် တောင်သူများ အရှုံးနဲ့ရင်ဆိုင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်