စစ်ကိုင်း၌ နေ့လည် ၁၂ နာရီနောက်ပိုင်း မထွက်ရဆိုသည့် မာရှယ်လောမှာ ကောလာဟလသာဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းအတွင်း နေ့လည် ၁၂ နာရီနောက်ပိုင်း မထွက်ရဆိုသည့် မာရှယ်လောအမိန့်မှာ ကောလာဟလသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်၊ နေ့လည်ပိုင်းမှစတင်ကာ စစ်ကိုင်းတိုင်းအတွင်း နေ့လည် ၁၂ နာရီမထွက်ရ၊ နေ့လည် ၂ နာရီမထွက်ရ၊ ပစ်မိန့်၊ မာရှယ်လောစသည်ဖြင့် သတင်း များပျံ့နှံ့ခဲ့ပြီး ယနေ့ချိန်ထိ ဒေသခံများမှာ စိုးရိမ်မှုများရှိခဲ့ကြောင်း သိရသည်။

“ ၁၂ နာရီမထွက်ရတို့၊ ၂ နာရီမထွက်ရတို့၊ ထွက်တာနဲ့ ပစ်မယ်တို့ဆိုတာ လူတိုင်းနီးပါးပြောကြတာ။ ဘယ်ကထုတ်တယ် ဘာညာတော့ အတိအကျမသိရဘူး။ စစ်ကိုင်းတံတား ပိတ်ထားတယ်လို့လည်း ပြောကြတယ်။ အဲ့နေ့က တကယ်က သွားလာလို့ရနေပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နေ့၌ပင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတံတားဘက်ခြမ်း၌လည်း ဆိုင်ကယ်နှင့် ကားများအား အစစ်အဆေးကြမ်းနေသဖြင့် ကားများစွာ တန်းစီစောင့်ဆိုင်းနေခဲ့ရ ကြောင်း သိရသည်။

ယင်းမတိုင်ခင် စက်တင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျနေသည့် လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့် ဇနီးဖြစ်သူတို့ သလွန် ဖြူကျေးရွာမှအပြန် အသတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၆ ရက်၊ နံနက်စောပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသား ၇ ဦး အား ပစ်သတ်ခဲ့ပြီး ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သလွန်ဖြူကျေးရွာအတွင်းသို့ စစ်ကြောင်းထပ်မံ ဝင်ရောက်ခဲ့ကာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထပ်မံပစ်ခတ်ခဲ့၍ သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းမြို့၊ တဲကြီးကျေးရွာ၌ နစကနှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံမီးရှို့ ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများရှိခဲ့၍ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအချို့တွင် PDF များနှင့် နစကတပ်တို့ မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှုအချို့လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီး နစကဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၏ အနီးအနားရှိ ကျေးရွာများအား နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လေ့ရှိကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

စစ်ကိုင်း၌ နေ့လည် ၁၂ နာရီနောက်ပိုင်း မထွက်ရဆိုသည့် မာရှယ်လောမှာ ကောလာဟလသာဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.